စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေရသော တကောင်းတိုက်နယ်အတွင်းရှိ ဒေသခံ၄၀၀၀ကျော်တို့မှာ ရေနှင့်စားနပ်ရိက္ခာအကူအညီလို အပ်နေကြောင်း သိရသည်။
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တကောင်းတိုက်နယ်အတွင်း ဧပြီလ ၁၅ရက်နေ့၌ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ပြုလုပ်ခဲ့ရာ
ဥသျှစ်ကုန်း၊မိုင်းဒိုင်း၊ပေကုန်း၊ရင်ခွင်၊ညောင်ကုန်း၊ကျောက်အိုက်၊ဆူးတော စသည့်ရွာများမှ ပြည်သူများရှောင်တိမ်းနေရခြင်းဖြစ်သည်။
” ရေက မိုးရွာတုန်းက ကျန်နေတဲ့ရေတွေကို ဘူးနဲ့ခပ်ပြီးသောက်နေရတယ်၊သောက်ဖို့တောင်အနိုင်နိုင်ပါ၊ချိုးရေလည်းမရဘူး၊ချက်ပြုတ်စားသောက်ဖို့လည်းမလွယ်ဘူး” ဟု စစ်ရှောင်အမျိုးသားတစ်ဦးကပြောသည်။
သောက်သုံးရေခက်ခဲနေသည့်အပြင် ထမင်း၊ဟင်းချက်စားရန်ရေကိုအနီးဆုံးရေရနိုင်သည့်နေရာများမှ လှည်းဖြင့် သယ်ဆောင်နေရသည်ဟုဆိုသည်။
သောက်သုံးရေမသန့်ရှင်းသည့်အပြင်ရာသီဥတုပူခြင်းကြောင့်ကလေးနှင့်သက်ကြီးရွယ်အိုအချို့ ဝမ်းပျက်၊ဝမ်းလျှောရောဂါခံစားနေရကြောင်း သိရသည်။
“ နေ့လည်ဆိုအပင်အောက်တွေမှာထိုင်နေရတယ်၊ရောဂါဖြစ်သူကအရမ်းတော့မများသေးဘူး၊ဆေးဆရာမတွေတော့ရှိတယ်၊ရေရှည်ဆိုရင်တော့မလွယ်ဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
တကောင်းတိုက်နယ်အတွင်းစစ်ကောင်စီတပ်နှင့်တကောင်းမြို့နယ်ပကဖတို့ ဧပြီ ၁၃ရက်နေ့မှ ဧပြီ ၁၅ရက်နေ့အထိ တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့ကြောင်း တကောင်းပကဖကထုတ်ပြန်ထားသည်။
လတ်တလောတွင် တိုက်ပွဲအခြေအနေငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ် က လေကြောင်းအသုံးပြုထပ်မံတိုက်ခိုက်မည်ဟု သတင်းလွှင့်ထားသည့်အတွက် စစ်ရှောင်ဒေသခံများ နေရပ်မပြန်နိုင်သေးပေ။