စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပေါ်သပိတ် လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အဖွဲ့များပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ပြည်သူ့ရင်ခွင်၏ (ဖရဲသီး) စီမံချက် ပိုမိုအောင်မြင်စေရေးအတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၏ လူစည်ကားရာနေရာများ၌ ပိုစတာစာရွက် နှစ်ထောင် (၂,၀၀၀) ကျော်အား ယနေ့တွင် ဖြန့်ကျဲခဲ့ကြောင်း ယင်းအစီအစဉ်အတွင်း ပါဝင်ဆောင်ရွက်ခဲ့သူထံမှ သိရသည်။
ယနေ့ နံနက် ၈ နာရီအချိန်ခန့်မှစတင်၍ ရန်ကုန်မြို့ရှိ နေရာ (၃) နေရာနှင့် မန္တလေးမြို့ရှိ နေရာ (၃) နေရာတို့တွင် တပြိုက်နက်တည်း ယင်းပိုစတာစာရွက်များအား ဖြန့်ကြဲသည့် ကမ်ပိန်းကို ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုများဖြစ်သော Kyimyindaing Networks (KMD18) အဖွဲ့ နှင့် Mayangone Democratic Front (MDF) အဖွဲ့တို့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့၌ ပြည်လမ်းမ-ရှစ်မိုင် ခုံးတံတားပေါ်၊ Shangrila Hotel မျက်နှာချင်းဆိုင် Hitachi Tower point နှင့် ဗဟန်းလမ်းမ – ကန်တော်ကြီးပန်းခြံ – နတ်မောက်လမ်းဆုံတို့တွင် ကားဖြတ်စဉ် စီစဉ်ထားသော စာရွက်များ အောင်မြင်စွာကြဲချနိုင်ခဲ့ပြီး မန္တလေးမြို့၌ ဘုရားကြီး (မဟာမြတ်မုနိ) တောင်ဘက်မုဒ်အနီး၊ တံခွန်တိုင်ကားကြီးကွင်းအနီး နှင့် အမရပူရ ဦးပိန်တံတားအနီးတို့တွင် စီစဉ်ထားသော စာရွက်များ အောင်မြင်စွာကြဲချနိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
” အရေအတွက် နှစ်ထောင်ကျော်ကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့က နေရာ သုံးခုစီပေါ့၊ ပွိုင့်သုံးခုစီချပြီး စီစဉ်ထားတဲ့ စာရွက်တွေကို လမ်းမထက် ဖြန့်ကြဲခဲ့တာပါ။ နေရာတွေ အကုန်အောင်မြင်တယ်။ ရဲဘော်တွေအကုန်လုံးလဲ safe ဖြစ်ပါတယ် ” ဟု ၎င်းက ထပ်မံပြောကြားသည်။
ထို့အပြင် ” ဖရဲသီး လုပ်မယ့် တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ( http://t.me/MyanmarPeople ) ဖော်ပြပါ တယ်လီချန်နယ်သို့ ဆက်သွယ်နိုင်ပါတယ်” ဟုလည်း အသိပေးထားသည်။
အာဏာသိမ်းစစ်ကောင်စီမှ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့၊ အာဏာသိမ်းကာလမှစတင်၍ ယနေ့အထိ အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် လူမဆန်သည့် လုပ်ရပ်များအား ပြည်သူလူထုအနေဖြင့် မမေ့လျော့ကြရန်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ပေးကြပါရန် စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပေါ်သပိတ် အင်အားစုများမှ အမြဲမပြတ်တိုက်တွန်းနှိုးဆော်လျက်ရှိသည်။