ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့တွင် စစ်ကောင်စီတပ်က YBSကားများသွားလာမှုကို ထိန်းချုပ်လိုက်သဖြင့် ခရီးသည်များ ကားမရဖြစ်နေကြောင်း သိရသည်။
သန်လျင်မြို့၊ထန်းပင်ကုန်းရပ်ကွက်ရှိ အမှတ်(၃)ကျောင်းအနီးတွင် ယနေ့နံနက် ၁၁နာရီခွဲခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် YBS 31ယာဉ်လိုင်းပြေးဆွဲနေမှုကို ယာယီကန့်သတ်ထားခြင်းဖြစ်ကြောင်း ပန်းဆိုးတန်းမှ သန်လျင်သို့သွားမည့် ခရီးသည်တစ်ဦးကပြောသည်။
“ သန်လျင်ကားကို စောင့်နေတာ ၄နာရီခွဲကတည်းက အခု ၅နာရီထိုးတော့မယ်။ကားကမလာဘူး။မနက်က သန်လျင်မှာ စစ်တပ်ဘက်က အရာရှိသုံးဦးသေတာကြောင့် လမ်းပိတ်စစ်ဆေးပြီး ၃၁တွေ မဖြတ်ခိုင်းတာလို့ကြားတာ။အခု YBSကိုပါ ပိတ်ပြီး စစ်ဆေးတာဆိုတော့ အကောင်ကြီးကြီး ထိသွားတာနဲ့တူတယ်” ဟု ၎င်းကပြောသည်။
ယနေ့နေ့ခင်း ၁၂နာရီမှစတင်ပြီး သန်လျင်မြို့ အမှတ် (၁)တံတားကို စစ်ကောင်စီတပ်က ယာယီပိတ်ဆို့ခဲ့ပြီး မွန်းလွဲ ၁နာရီခန့်တွင် ပြန်လည်ဖွင့်ပေးခဲ့ကြောင်း သန်လျင်မြို့၊အောင်ချမ်းသာရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။
“ တံတားက ပိတ်လိုက်တာဟုတ်ပေမယ့် ၁နာရီလောက်ပါပဲ။စစ်ဆေးတာတော့ တော်တော်ကြမ်းတယ်။အိမ်စီးကားနဲ့ တက္ကစီတွေကို အဓိကစစ်တယ်၊ဘယ်သွားတာလဲ။ဘာလုပ်တာလဲမေးတယ်။အိမ်ကအမျိုးသားက ကုလားဝဲဘက်ကို သွားတော့ ဖြတ်သန်းခွင့်မပြုဘူးလို့ နေ့လည် ၃နာရီလောက်ကပြောတယ်” ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့၊ပန်းဆိုးတန်းမှတ်တိုင်ရှိ YBS ၃၁ယာဉ်လိုင်းတာဝန်ခံတစ်ဦးထံ MPAက သန်လျင်သို့သွားသည့် YBSကားများ ရှိ၊မရှိမေးမြန်းရာ သန်လျင်ကားများမှာ ပုံမှန်ပြေးဆွဲပေးနေသည့် ယာဉ်ပမာဏထက် နည်းပါးလျက်ရှိကြောင်းနှင့် လုံးဝမပြေးဆွဲခြင်းတော့ မဟုတ်ကြောင်း ပြောသည်။
“ ဒီနေ့က သန်လျင်မှာ လုံခြုံရေးအခြေအနေအရဆိုပြီး တာဝတက္ကသိုလ်ရှေ့က ဂိတ်နဲ့ သန်လျင် ၁၈ ကုန်ဂိတ် ယာယီပိတ်ချထားတာပါ။ညနေ ၄နာရီလောက်အောင် သန်လျင်ဘက်က ၃စီး ရန်ကုန်ဘက်ကို တက်လာနေပါပြီ။ကားက နည်းသွားတော့ ယာဉ်က လူပြည့်တာမြန်သွားတော့ မှတ်တိုင်မရပ်နိုင်တာဖြစ်ပါလိမ့်မယ်။ကားကရှိပါတယ်” ဟု၎င်းကပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်အနေဖြင့် သန်လျင်မြို့နယ်အတွင်းရှိ လမ်းမကြီးများပေါ် ရှောင်တခင်စစ်ဆေးမှုများ မပြုလုပ်တော့သော်လည်း သန်လျင် အမှတ် ၁ တံတားအနီးရှိ စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် အိမ်စီးကားများနှင့် အဌားယာဉ်များအားစစ်ဆေးကာ ကုလားဝဲ တံတားအနီး၌လည်း ကင်းပုန်းချထားကြောင်း MPAက စုံစမ်းသိရသည်။
ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့၊ထန်းပင်ကုန်းရပ်ကွက်ရှိ အမှတ်(၃)ကျောင်းအနီး၌အငြိမ်းစားဒုဗိုလ်မှူးကြီး တစ်ဦးအပါအဝင် ၃ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကာ ၃ဦးစလုံးသေဆုံးသွားကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။