ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်ရှိ အမှတ် ၃ ကျောင်းအနီးတွင် ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် သုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာကြောင့် သေဆုံးသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေတပ်က အရာရှိတွေလို့ ပြောတယ်။ ၂ ယောက်ကတော့ ပွဲချင်းပြီး သေတယ်လို့ ကြားတယ်။ တယောက်ကတော့ ဒဏ်ရာရသွားတယ် ပြောတယ်။ ဟုတ်မဟုတ် မသိရသေးဘူး။ အခုတော့ မြို့အဝင် အထွက်တွေကို ပိတ်စစ်နေတယ် ဟု သန်လျင်မြို့ခံတစ်ဦးက ပြောပါသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ စစ်ဆေးမှုများ တင်းကြပ်နေပြီး ဖြတ်သန်းသွားလာနေသော ကားများ၊ လူများအား တင်းကြပ်စွာ စီစစ်မှုများ ရှိနေကြောင်း ဒေသခံတစ်ဦးကလည်း ဆိုသည်။
သန်လျင် ၁၈ ဂိတ်ကို လုံး၀ ပိတ်ပစ်ပြီး ကားတစ်စီးမှ ပေးမဖြတ်တော့ဘူးကြားတယ်။ ရန်ကုန်မြို့ထဲရော သန်လျင်ကိုရော အဝင်အထွက်ပေးမလုပ်တော့ဘူး။ ညနေ ၃ နာရီနောက်ပိုင်းတော့ လမ်းတွေ ပြန်ဖွင့်ပေးမယ်လို့ ကြားတာပဲ။ ဟု ရပ်ကွက်နေပြည်သူတစ်ဦးကလည်း အတည်ပြုသည်။
အဆိုပါ ပစ်ခတ်ခံရသူများသည် မင်္ဂလာဒုံ လေတပ်စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ဌာနခွဲမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် အပေါင်းအပါ ၂ ဦး ဖြစ်ကြောင်း၊ ၎င်းတို့ကို ထန်းပင်ကုန်းရပ်ကွက်ရှိ နေအိမ်တွင် မြို့ပြတော်လှန်ရေးအဖွဲ့မှ သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း မြို့ပြတော်လှန်ရေးအဖွဲ့က အသိပေးပြောကြားချက် အရ သိရသည်။ ၎င်းတို့ ပြောကြားချက်အရ ယင်းပစ်ခတ်မှုကြောင့် နေရာမှာတင် သုံးဦးစလုံး သေဆုံးခဲ့ကြောင်း ဆိုသည်။