ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်အတွင်း ဧပြီလ ၁၄ ရက်နေ့က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ခရမ်းမြို့နယ်တခုလုံးကို ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေသည်မှာ ယနေ့ဆိုလျှင် ၄ ရက်ကြာလာပြီဖြစ်ပြီး ဒေသခံများကြား စိုးရိမ်မှုများ မြင့်တက်နေသည်ဟု သိရသည်။
ခရမ်းမြို့ထဲကို အခုထက်ထိ ပြန်ဝင်လို့ မရသေးဘူးဗျာ။ ဘယ်တော့လမ်းတွေ ပြန်ဖွင့်မယ်ဆိုတာလည်း မသိသေးဘူး။ ဆိုင်ကယ်တွဲဘီးနဲ့ လျှပ်စစ်စက်ဘီးလဲ စီးမရတော့ဘူး။ ဟု ခရမ်းမြို့တွင်း နေထိုင်သူ ဒေသခံတစ်ဦးမှ ပြောကြားသည်။
ခရမ်းမြို့နယ်အတွင်းမှာလည်း ဒေသခံပြည်သူများမှာ သွားလာမှု သိသိသာသာ လျော့နည်းသွားပြီး မလိုအပ်လျှင် အပြင်မထွက်ဘဲ အိမ်တွင်းမှာသာ နေနေကြကြောင်း ဒေသခံတစ်ဦးကလည်း ယခုလို ဆိုသည်။
ဒီလို ပိတ်လိုက်တော့ ကုန်စည်စီးဆင်းမှုတွေ ရပ်သွားတယ်။ ရန်ကုန်ကနေ ဝယ်ပြီး ခရမ်းမှာ ပြန်ရောင်းရတာလေ။ အခုဆို ကုန်ဈေးနှုန်းလဲ တက်လာတယ်။ လမ်းတွေမှာလဲ ဘေးတွဲတွေ၊ ကားလေး၊ ကားကြီးတွေလဲ သွားလာခွင့်မရှိတော့ ဘယ်သူမှလဲ အပြင်မထွက်ရဲဘူး။ ဘယ်တော့ပြန်ဖွင့်မလဲ မသိဘူးဗျာ။ ရက်အကန့်အသတ် မရှိ ပိတ်ထားတယ်လို့ပဲ သိရတယ် ဟု MPA ကို အတည်ပြု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က ခရမ်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးရှေ့တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ဘန်ကာများကို ခရမ်း PDF အဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့ရာ လုံခြုံရေး ရဲ ၂ ဦး သေဆုံးကာ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းပစ်ခတ်တိုက်ခိုက်မှုမှ လက်နက် ၂ လက်၊ ကျည်အိမ် ၂ ခုနှင့် ကျည် ၂၅ တောင့် ရရှိခဲ့ကြောင်း PDF- Khayah အဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။၎င်းထုတ်ပြန်ချက်တွင် ၄၀ မမ ဗုံးသီးများဖြင့် အရင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဝင်ရောက်စီးနင်းကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် ယခုအချိန်သည် တိုက်ပွဲများ အချိန်မရွေး၊ နေရာမရွေး ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် အသွားအလာ ဂရုစိုက်ကြရန် အထူးမေတ္တာရပ်ခံအပ်သည် ဟုလည်း သတိပေးကြေညာထားသည်။
၎င်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားအပြီး ဧပြီလ ၁၅ ရက်နေ့တွင် စစ်ကောင်စီမှ ခရမ်းတစ်မြို့လုံးကို အဝင်အထွက်များအားလုံးနှင့် တွဲဆိုင်ကယ်များ၊ လျှပ်စစ်စက်ဘီးများကိုပါ စီးနင်းခွင့် ပိတ်ပင်ခဲ့ပြီး ယခင် ချိတ်ပိတ်ခံထားရသည့် ခရမ်း PDF တပ်ဖွဲ့ခေါင်းဆောင် ကိုမီးပွား နေအိမ်ကိုပါ စစ်ကောင်စီတပ်သားများမှ မီးရှို့ဖျက်ဆီးကာ တန်ဖိုးကြီး ပစ္စည်းများကိုပါ ယူဆောင်သွားကြောင်းလဲ သိရသည်။