ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း အမှတ် ၅၃၄ ဝန်းထဲသို့ ဧပြီလ (၁၇) ရက်၊ နှစ်ဆန်းတစ်ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် ၇၉ ဗုံးပစ်လောင်ချာနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ဧရာဝတီလင်းပိုင်မော်ကျွန်းနှင့် မော်ကျွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ၇၉ ဗုံးပစ်လောင်ချာအသုံးပြုကာ ၄၀ မမ ဗုံးသီး ၂ လုံးကို စစ်ကောင်စီတပ်ရင်း အမှတ် ၅၃၄ ဝန်းထဲသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ ရန်သူ့တပ်ဝန်းဖြစ်သည့်အတွက် အတွင်းပိုင်း ထိခိုက်ပျက်စီးမှုအခြေနေ အသေးစိတ်ကိုမသိရသေးဘူး” ဟု ဧရာဝတီလင်းပိုင်မော်ကျွန်းက ဆိုသည်။
စစ်ကောင်စီတပ်ရင်းထဲသို့ ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုသိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်လက်အောက်ခံ စစ်သား၊ ရဲများ မည်သည့်နေရာမှ လုံခြုံမှုမရှိကြောင်းနှင့် စစ်တပ်ဆီမှ အမြန်ဆုံး ထွက်ခွာကြရန် ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်တပ်ရင်း ၅၁ ဝန်းထဲကိုလည်း ဧပြီ ၁၇ ရက်နေ့၊ နှစ်ဆန်းတရက်နေ့ နံနက်ပိုင်းက ဧရာလှိုင်းစစ်ဆင်ရေးအဖြစ် ၇၉ ဗုံးပစ်လောင်ချာအသုံးပြုပြီး ဗုံးသီး ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်မှ ထုတ်ပြန်ထားသည်။