မလှိုင်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်းသည် ၂၀၂၂ ခုနှစ် မတ်လ (၇) ရက်နေ့ ၌ မလှိုင်နှင့် မိတ္ထီလာ လမ်းခုလတ်တွင် အဖမ်းခံရပြီးနောက် လက်ရှိအချိန်အထိ ၎င်းနှင့်အဆက်အသွယ်မရရှိသေးကြောင်း နီးစပ်သူများများထံမှ စုံစမ်းသိရှိရသည်။
“ မိတ္တီလာအခြေစိုက် ခြေမြန်တပ်မ (၉၉) ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဖမ်းခံရတဲ့နေ့ကစပြီး ၂၀၂၂ ခုနှစ် ဧပြီလ (၁) ရက်နေ့အထိ မိသားစုနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ (၂) ရက်နေ့ကနေစပြီး လုံးဝအဆက်အသွယ် မရတော့ပါဘူး” ဟု လက်ရှိ မလှိုင်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌက MPA ကို ပြောသည်။
၂၀၂၂ ခုနှစ် ဧပြီလ၊ ၁၃ ရက်နေ့တွင် စစ်ကောင်စီ၏ တပ်မ ၉၉ မှ တာဝန်ရှိသူများကို ဆက်သွယ်ကြည့်သည့် အခါတွင် တပ်ထဲတွင် မရှိတော့ကြောင်းနှင့် ထောင်ထဲသို့ လွှဲပေးလိုက်ပြီဖြစ်ကြောင်း အသိပေးသော်လည်း မည်သည့်ထောင်ကို ပို့လိုက်သည်ကို တိတိကျကျ ပြန်ဖြေကြားခြင်းမရှိခဲ့ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
“ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးမိန့်ချတဲ့နေ့မှာ ကျနော်တို့ မလှိုင်က လူငယ်တဦးလည်း ကြိုးမိန့်ချခံခဲ့ရတယ်။ ကြိုးမိန့်ချခံရပြီး ၃ ရက်အကြာမှာ ဥက္ကဋ္ဌဟောင်းဖြစ်ကြောင်း ဒုဥက္ကဋ္ဌက ကျနော်ကို လာပြောတယ်။ သေချာတော့ အတည်မပြုနိုင်သေးပါဘူး။ အဲ့ဒီနေ့က တပ်မ ၉၉ ထဲက တာဝန်ရှိသူတွေကို ကျနော် ဖုန်းဆက်မေးကြည့်တဲ့အခါ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ အသက်ရှိနေသေးတယ်လို့ ယုံကြည်နေဆဲပါဟု” ဟု ဆက်လက်ရှင်းပြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မျက်ကွယ်သေဒဏ်ချခံရသူ (၄၂) ဦးအပါအဝင် စုစုပေါင်း (၁၅၁) ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။