ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သင်္ကြန်အတက်နေ့ ဧပြီလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်က သဲများတင်ဆောင်သည့် တွဲကားမှ ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောမှ လာသည့် Nissan အိမ်စီးကားပေါ်သို့ တိမ်းမှောင်မှု ဖြစ်ခဲ့ရာ အိမ်စီးကားပေါ် လိုက်ပါလာသူ ခြောက်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။
(သဲကားက ဘရိတ်ပေါက်လို့ နောက်ကားတွေကို မကျော်ဖို့ လက်ပြထားပြီး ဖြည်းဖြည်းပဲ သွားနေတာ။ မကျော်ဖို့ လက်ပြထားတာကို အိမ်စီးကားက မသိဘဲ ကျော်ပြီး ဝင်တိုက်မိတယ်။ တိုက်မိတဲ့ အရှိန်နဲ့ တွဲကားရဲ့ အလယ်ကို ရောက်သွားပြီး ချောက်ထဲပြုတ်ကျသွားတာ) ဟု မူဆယ်မီးသတ်တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။
မူဆယ် မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ အိမ်စီးကားတွင် လိုက်ပါလာသည့် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား တစ်ဦးတို့ နေရာတွင်ပဲ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူများကို ပရဟိတ အသင်းများမှ မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူများမှာ အသက် ၂၀ ဝန်းကျင်ခန့်များ ဖြစ်ကြကြောင်း ကြားသိရပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိထားသည့် တွဲကားမောင်းသူ ယာဉ်မောင်းကို ရဲတပ်ဖွဲ့မှ မူဆယ်ရဲစခန်းသို့ ခေါင်ဆောင်သွားကြောင်း သိရသည်။