၂၀၂၃ ခုနှစ်ရဲ့ မြန်မာ့သင်္ကြန်အကြိုနေမှာပဲ ဆိုရှယ်မီဒီယာအပေါ် ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေကြောင့် နွေဦးတော်လှန်ရေးမှာ ပါဝင်နေသူတို့အဖို့ ကြိတ်မနိုင်ခဲမရတွေဖြစ်ခဲ့ရတယ်။ ဒါကတော့ အစောပိုင်း စစ်အာဏာရှင်စနစ်ကို တော်လှန်ရာမှာ ပါခဲ့တဲ့ အဆိုတော် G Fatt နဲ့ Floke Rose တို့ရဲ့ ဓာတ်ပုံတွေကြောင့်ပဲဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာ ပါဝင်နေသူတွေဟာ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ဘွိုက်ကောက်လုပ်ထားပါတယ်။ သွေးထွက်သံယိုတွေ ဖြစ်နေတဲ့ မြန်မာပြည်အခြေအနေကြောင့် ပျော်ရွှင်စရာမထိုက်ဘူးလို့ သတ်မှတ်ထားသလို စစ်ကောင်စီက မြန်မာပြည်တွင်း ၎င်းတို့အာဏာသိမ်းကာလမှာ နိုင်ငံဟာ အဆင်ပြေပြေဖြစ်နေတယ်ဆိုတဲ့ ပုံဖော်ချင်နေတာတွေကို လက်မခံဘဲ ရှိနေတာပါ။
ဒါပေမဲ့ စစ်ကောင်စီကလည်း တစ်ဘက်မှာ သူတို့ ရည်ရွယ်ချက်တွေ အထမြောက်အောင်မြင်အောင် စနစ်တကျကို ပြုလုပ်နေတာတွေ့ရပါတယ်။ သင်္ကြန်အကြိုနေ့က အဖြစ်အပျက်ဟာ သက်သေဖြစ်သလို နွေဦးတော်လှန်ရေးမှာ ပါဝင်နေသူ လူငယ်ကြိုက် အဆိုတော်နှစ်ယောက်ကို ၎င်းတို့ဆီ အပါခေါ်နိုင်လိုက်တာပါပဲ။
တချို့ကတော့ ဒါကို သူတို့ရဲ့ စိတ်ဓာတ်မပြတ်သားမှုတွေကြောင့်ကနေ အခြေခံပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်သူတွေဆီ ပါသွားတယ်လို့ ဝေဖန်၊ တံဆိပ်ကပ်နေပေမယ့် သူတို့နှစ်ဦး အမှန်တကယ် တော်လှန်ရေးကို ပြက်ရယ်ပြုတာပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် စစ်ကောင်စီရဲ့ လက်အောက်ကိုတော့ ပါသွားကြပါပြီ။
ဒီနေရာမှာ နောက်ထပ် စစ်ကောင်စီရဲ့ စခရစ်တွေ အများကြီးရှိနေတာကိုလည်း တွေ့ရပါတယ်။ G Fatt၊ Floke Rose၊ Ice Cold၊ ပိုင်တံခွန်နဲ့ ယုန်လေးတို့ဓာတ်ပုံတွေကို အချိန်ကောင်းမှာ ချပြလိုက်တာပါပဲ။ ဒီသင်္ကြန်အကြိုနေ့မှာ ထွက်ပေါ်လာတဲ့ သူတို့ဓာတ်ပုံတွေမလာခင် ဧပြီ ၁၁ ရက်နေ့နံနက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ရက်က ဘာမှ မကွာသေးပါဘူး။ အဲ့ဒီနောက်မှာ ဒီဓာတ်ပုံတွေထွက်ပေါ်လာခဲ့တာပါပဲ။
ဒါလိုအဖြစ်အပျက် အချိတ်အဆက်တွေဟာ တိုက်ဆိုင်မှုတွေလုံးဝမဟုတ်ပါဘူးဆိုတာ သတိထားကြည့်မိရင် တွေ့မြင်ရပါလိမ့်မယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါမှာ KIA ရဲ့ ၆၂ နှစ်ပြည့်အထိမ်းအမှတ်အကြိုအဖြစ်ကျင်းပတဲ့ တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက်မှာလည်း တစ်နည်းမဟုတ်တစ်နည်းနဲ့ အဲ့ဒီသတင်းတွေ ဖေ့ဘုတ်ပေါ်ကနေ ကွယ်ပျောက်သွားအောင်ပြုလုပ်ခဲ့ပါတယ်။ အနန်ပါဖြစ်စဉ်အပြီး အဲ့ဒီ အောက်တိုဘာအတွင်းမှာပဲ Halloween ဈေးရောင်းပွဲတော်တွေကျင်းပခဲ့ကြပါတယ်။ အဲ့ဒီတုန်းကလည်း ဝေဖန်မှုတွေအများကြီးထွက်ပေါ်လာပြီး ဆိုရှယ်မီဒီယအထက်မှာ Halloween ဈေးရောင်းပွဲတော်အကြောင်းတွေတွေ့ခဲ့ရပါတယ်။
အဲ့ဒီနောက် နိုဝင်ဘာလကို ရောက်ပြန်တော့ မြန်မာ့အရေး အာဆီယံဆုံးဖြတ်ချက် ၁၅ ရပ် ဖနွမ်းပင်ထိပ်သီးဆွေးနွေးပွဲကနေ ထွက်ပေါ်လာပြီး ၆ ရက် မြောက်နေ့မှာ အမျိုးသားနေ့ အထိမ်းအမှတ်လို့ဆိုပြီး စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား ၅၇၇၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါသေးတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကို ရောက်လာပြန်တော့လည်း စစ်ကောင်စီ၏ ဆိုးရွားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့ကြားကပဲ ခရစ္စမတ်ကာလကို ရန်ကုန်မြို့မှာပဲ Christmas Carnival ခေါင်းစဉ်နဲ့ ပျော်ပွဲရွှင်ပွဲဆက်လက် ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲမှာလည်း ပိုင်တံခွန်ဟာ Y3llO၊ အွန်လိုင်းဆယ်လီ ဘိလပ်ပြန်တို့နဲ့အတူ Christmas Carnival မှာ ပါဝင်ဆင်နွှဲခဲ့တာကို တွေ့ရပါတယ်။ ပိုင်တံခွန်ဟာ လေကြောင်းတိုက်ခိုက်မှုတွေအပြီး ပျော်ပွဲရွှင်ပွဲတွေမှာ သိသိသာသာထွက်ပေါ်ခဲ့တာဆိုရင် အခုဆိုရင် ၂ ကြိမ်ရှိပါပြီ။
သင်္ကြန်အကြိုနေ့မှာ ကနဦးသိသိသာသာ ထွက်ပေါ်လာခဲ့တာကတော့ သရုပ်ဆောင် ကျော်ဇော်ဟိန်းရဲ့ သီချင်းဆို ဖျော်ဖြေမှုတွေပါပဲ။ အဲ့ဒီဖျော်ဖြေမှု ဖိုင်တွေဟာ နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ သိသိသာသာကို တက်လာပြီး ဖေ့ဘုတ်မှာ Refresh တစ်ခါပြုလုပ်တိုင်း ထွက်ပေါ်လာခဲ့တာပါ။ ညနေပိုင်းမှာတော့ အထက်မှာပြောပြခဲ့တဲ့ သရုပ်ဆောင်၊ အဆိုတော်တွေရဲ့ ဓာတ်ပုံထွက်လာပြီးတဲ့နောက် ဖေ့ဘုတ်တစ်ခွင်လုံး အဆိုပါကိစ္စတွေ လွှမ်းမိုးသွားခဲ့ပါတယ်။
စစ်ကောင်စီဟာ ဖေ့ဘုတ်ရဲ့ အယ်လ်ဂိုရသမ်သဘောတရားကို အကောင်းဆုံးအသုံးချနေတယ်လို့တောင် မှတ်ယူရပါတယ်။ အခုလည်း ပိုင်တံခွန်၊ G-Fattနဲ့ Floke Rose တို့ကိစ္စပြီးတဲ့နောက်မှာ ထွက်ပေါ်လာတာကတော့ လာမယ့် နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်ငြိမ်းဆိုတဲ့ ခေါင်းစဉ်ကို ပုံဖော်ပြီး စစ်ကောင်စီက ကြိုးပမ်းဦးမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ သုံးသပ်သူတချို့ကတော့ အဲ့ဒီအချိန်မှာလည်း နာမည်ကြီးအနည်းငယ်ကို လွှတ်ပေးလိုက်တာမျိုးတွေ လုပ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။