မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးကျေးရွာမှ တောထဲဟင်းရွက်ခူးသွားသည့် ပြည်သူ ၃ ဦး ယနေ့ နံနက် ၁၀ နာရီခန့်က မိုင်းနင်းမိ၍ အသက် ၃၅ နှစ်အရွယ် လင်မယားနှစ်ယောက် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ခိုင်မာသည့်သတင်းအရင်းအမြစ်များထံမှ သိရသည်။
“ပြည်သူတွေဗျ၊ ဟင်းရွက်သွားခူးကြတာတဲ့ လင်မယားနှစ်ယောက်နဲ့ အိမ်နီးချင်း တစ်ယောက်ပါ။ မိုင်းထိတာက လင်မယားနှစ်ယောက်ပဲထိတာ၊ တစ်ယောက်က မထိဘူး“ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
စိုင်ဒူးကျေးရွာတွင် စစ်ကောင်စီမှ စခန်းချထားပြီး အဆိုပါ မိုင်းထိခိုက်မှုဖြစ်ပွားသည့်နေရာသည် စစ်ကောင်စီစခန်းနှင့် အတန်ငယ်နီး၍ မည်သည့်အဖွဲ့အစည်းက ထောင်ထားသည်ကို အတည်မပြုနိုင်ကြောင်း ၎င်းက ဆိုသည်။
“ခေါင်းကို ထိခိုက်သွားတာဗျ၊ ဒဏ်ရာက အတော်ပြင်းတယ်။ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ လက်ရှိတော့ ဂန့်ဂေါပြည်သူ့ဆေးရုံမှာ တင်ထားတယ်။ ရွာက ဦးပဉ္စင်းတစ်ပါးရဲ့ အာမခံချက်နဲ့ ဂန့်ဂေါပြည်သူ့ဆေးရုံမှာ တက်ခွင့်ရတာပါဗျ”ဟု ၎င်းက ဆက်လက်ပြောပြသည်။
လက်ရှိတွင် ယောနယ်တစ်နယ်လုံးရှိ နယ်မြေအတော်များများတွင် စစ်ရေးတင်းမာလျက်ရှိပြီး ဆေးရုံများတွင် ဆေးဝါးများ ပြတ်လပ်လျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။
ယခု ဧပြီလအတွင်း ယောနယ်တွင် မိုင်းမတော်ဆမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၈ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် ထီးလင်းမြို့နယ်တွင် ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ယနေ့ ဂန့်ဂေါမြို့နယ်တွင် ၁ ကြိမ်ဟု သိရှိရသည်။
ပြည်သူလူထုအနေဖြင့် ယခုရက်ပိုင်းအတွင်း မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ တောထဲသွားခြင်း၊ ခရီးထွက်ခြင်း မပြုလုပ်ကြပါရန် ယောအလင်းတန်းမှ အသိပေးပြောကြားထားသည်။