ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ရှမ်းကန်-သပြုလမ်းမပေါ်တွင် ပိတောက်ဖူးစစ်ဆင်ရေးအဖြစ် ဆက်ကြေးကောက်ရန်ထွက်လာသည့် ရဲနှစ်ဦးကို အနီးကပ်ပစ်ခတ်ခဲ့ရာ နယ်ထိန်းတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Bago Region PDF ကထုတ်ပြန်သည်။
ယနေ့နံနက် ၁၀နာရီခွဲခန့်က ရှမ်းကန်-သပြုလမ်းမပေါ်သို့ ဆိုင်ကယ်တစ်စီးဖြင့်ထွက်လာသည့် ကဝမြို့မရဲစခန်းမှ ရဲနှစ်ဦးကို ကဝမြို့နယ်ပကဖက ပစ္စတိုတစ်လက်ဖြင့် အနီးကပ် ၇ချက်ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းလာသည့် ရဲပွဲချင်းပြီးသေဆုံးခဲ့သည်။
“ ပွဲချင်းပြီးသေသွားတဲ့သူ ကဝမြို့မစခန်းက နယ်ထိန်းတာဝန်ယူထားတဲ့သူပါ။သူရဲ့ရာထူးကိုတော့မသိရသေးပါဘူး။သူတို့နှစ်ယောက်က ကဝမြို့နယ်ထဲက ဘောလုံးဒိုင်၊လောင်းကစားဒိုင်နဲ့ နှစ်လုံးချဲသမားတွေဆီက ဆက်ကြေးကောက်ဖို့ ထွက်လာတာပါ” ဟု ၎င်းကပြောသည်။
ဆိုင်ကယ်မောင်းနှင်လာသည့်ရဲမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ “ ထွက်ပြေးလွတ်မြောက်သွားသူကို ကျည်ဆန်ထိနိုင်လားဆိုတော့ ထိကိုထိနိုင်ပါတယ်။ပစ်ခတ်မှုနဲ့ပတ်သက်ပြီးအတည်ပြုနိုင်တာမရှိလို့ပါ။သူကတော့ ကြောက်လန့်ပြီး အသကုန်မောင်းပြေးတော့ လွတ်မြောက်သွားတာပေါ့” ဟု ၎င်းကပြောသည်။
ပဲခူးတိုင်းအတွင်း အတာသင်္ကြန်ကာလကို အစွဲပြု၍ ပိတောက်ဖူးစစ်ဆင်ရေးကို ပြုလုပ်လျက်ရှိပြီး ယခုကဝ ရဲနှစ်ဦးကို ပစ်ခတ်မှုမှာ ကဝမြို့နယ်အတွင်း ပထမဆုံးအကြိမ် စစ်ဆင်ရေးဖြစ်ကြောင်း MPAကစုံစမ်းသိရသည်။