မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ရာသီဥတုပူပြင်းမှုကြောင့် တောမီးလောင်ကျွမ်းမှုများ နေ့စဉ်ရက်ဆက်ဖြစ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ ၂ လပိုင်း အကုန်လောက်ဆို တောထူတဲ့တောင်တွေဘက်မှာ လောင်နေတာ စပြီးတွေ့ရတာပေါ့။ ညဘက်ဆို တောင်တွေဘက်လှမ်းကြည့်ရင် လောင်နေတာကို တွေ့ရတယ်။ အခုတလောနေ့ခင်းဘက်တွေပါ လောင်လာတယ်” ဟု ဒေသခံတစ်တစ်ဦးက MPA ကို ပြောသည်။
ရာသီဥတုပူပြင်းသည့်အပြင် အမှိုက်များ၊ သစ်ရွက်ခြောက်များ မီးရှို့ရာက တဆင့်လည်း မီးကူးစက်ပြီး တောမီး လောင်ကျွမ်းမှုများ ရှိလာသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
“ တောမီးလောင်ရင် ငြှိမ်းမဲ့သူမရှိဘူး။ ငြှိမ်းလည်း မငြှိမ်းနိုင်ကြဘူး။ ဒီတိုင်းပဲ ကြည့်နေရတယ်။ ကြီးကြီးမားမား ဆိုးဆိုးရွားရွား မလောင်သေးလို့လည်း ပါမှာပါ” ဟု ၎င်းက ဆိုသည်။
ပေါက်မြို့နယ်တွင် လက်ရှိ ဖြစ်ပေါ်နေသော တောမီးလောင်ကျွမ်းမှုများသည် ကျေးရွာများ၊ နေအိမ်များနှင့် ဝေးသောနေရာများတွင် လောင်ကျွမ်းနေသောကြောင့် နေအိမ်များ ဆုံးရှုံးမှုမရှိသေးသော်လည်း မီးခိုးများ၊ ပြာမှုန်များကြောင့် လေထုညစ်ညမ်းမှုများဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။