သရက်ခရိုင်၊ မင်းလှမြို့ အခြေစိုက်၊ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ _ ၁၀) အား PRA -Magway နှင့် မဟာမိတ်များမှ ရှော့တိုက်ဒုံး (၂) လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရက်စုသောက်နေချိန် ဖြစ်နေ၍ စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံးခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်မှ သိရှိရသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက် ည ၈ နာရီခွဲ၌ ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စက်ရုံအဆောက်အဦးများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မစ်ရှင်ပြုလုပ်ခဲ့သော PRA -Magway မှ ကနဦး ထုတ်ပြန်ခဲ့သည်။ ဆက်လက်စုံစမ်းမှုများအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးသည်မှာ သေချာကြောင်း PRA -Magway မှ MPA သို့ ပြောပြသည်။
“ ကပစ (၁၀) 107 Mission က စကစ တပ်ဖွဲ့ဝင် (၁၂) ယောက် သေဆုံးတယ်ဆိုတာက စစ်ဆင်ရေးရဲ့ Bonus ပဲ ဖြစ်ပါတယ်။ လုံးဝ မမျှော်လင့်ထားပေမယ့် စက်ရုံထဲမှာ အရက်စုသောက်နေကြတော့ ကံဆိုးသွားကြတယ်ထင်ပါတယ်” ဟု PRA -Magway မှ စစ်ဦးစီးချုပ် ဟာကျူလီက ပြောပြသည်။
သေဆုံးမှုတွင် အရာရှိ ၂ ဦး အပြင် နိုင်ငံခြားသား ၂ ဦးလည်း ပါရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
“ မစ်ရှင်ဆောင်ရွက်တာပဲဖြစ်ဖြစ်၊ နောက်ဆက်တွဲသတင်းရယူတာမှာပဲ ဖြစ်ဖြစ်၊ မဟာမိတ်တွေ စုပေါင်းပြီး လုပ်တဲ့အခါမှာ ပိုပြီး ထိရောက်မြန်ဆန်တာကို အရမ်း ကျေနပ်အားရပါတယ်။ နောက်ထပ်လည်း အခုလို မဟာမိတ်ပူးပေါင်း စစ်ဆင်ရေးတွေ ဆက်တိုက်လာမှာဖြစ်တဲ့အတွက် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း လွတ်မြောက်ရေး အိပ်မက်ဖော်ဆောင်ရေးက တစ တစ ပုံပေါ်လာပြီလို့ ပြောလို့ရပါတယ်” ဟု PRA -Magway မှ ပြောပြသည်။
မင်းလှမြို့ အခြေစိုက် ကပစ (၁၀) သည် တာဝေးပစ် ဒုံးကျည်၊ လေယာဉ်ပစ် ဒုံးကျည်၊ တင့်ကားသုံးအမြောက်များ ထုတ်လုပ်၍ တော်လှန်ရေး အင်အားစုများအား ဖိနှိပ်ရာ၌ အဓိက အားထားရသည့် စစ်ကောင်စီ၏ High-Value Target ဖြစ်ပြီး သွားရောက် တိုက်ခိုက်ချိန်၌ တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှားမှ စစ်လက်နက် ထုတ်လုပ်ရေး ပညာရှင်များ ရောက်ရှိနေချိန်လည်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။