စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ရိက္ခာလာသယ်သည့် လှည်းအစီး ၃၀ နှင့် အင်အား ၁၂၀ ခန့်ပါ ပျူစောထီးနှင့် စစ်ကောင်စီစစ်ကြောင်းအား ဧပြီလ ၈ ရက်နေ့က Pale Jokers PDF နှင့် Royal Eagle PDF တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အင်မထီးပျူစောထီးရွာမှ ကန့်ဒေါင့်ရွာသို့ ရိက္ခာလာသယ်သည့် စစ်ကြောင်းအား ကန့်ဒေါင့်ရွာမှ အင်မထီးပျူစောထီးရွာသို့ အပြန်၊ ထိုနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က သရက်ကန်ရွာနှင့် တလိုင်းကန်ရွာကြားတွင် ၅ လုံးတွဲပဒေသာမိုင်းဖြင့် ၂ ပွိုင့်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“အင်မထီးပျူရွာကနေ လှည်းအစီး ၃၀ နဲ့ ကန့်ဒေါင့်ရွာကို ရိက္ခာလာသယ်တာဗျ။ အဝင်တုန်းကတော့ ကျနော်တို့ ဘာမှမလုပ်လိုက်ဘူး။ အပြန်မှာ အသင့်စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ၅ လုံးတွဲပဒေသာမိုင်းနဲ့ ၂ ပွိုင့်ခွဲပြီး တိုက်ခိုက်ခဲ့တာပါ”ဟု Pale Jokers PDF မှ တပ်ရင်းမှူးဗိုလ်ပုလဲက MPA သို့ ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ တစ်ဦးကျဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။
“အတွင်းသတင်းအရ တစ်ယောက်သေသွားတယ်လို့ သိရတယ်။ မနေ့က အင်မထီးမှာပဲ မီးရှို့ သင်္ဂြိုဟ်လိုက်တယ်တဲ့။ အတွင်းသတင်းက သိရတာပါ။ ၁၀ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်။ မိုင်းကွဲတဲ့နေရာမှာ သွေးကွက်တွေ သွေးစီးကြောင်းတွေနဲ့ သယ်လာတဲ့ရိက္ခာတွေ ဖိတ်ကျနေခဲ့တာ တွေ့ရတယ်။ သွေးကွက်တွေကိုတော့ ဒီကောင်တွေ ထယ်ခဲတုံးတွေနဲ့ ဖုံးသွားကြတယ်ဗျ”ဟု ၎င်းက ဆက်လက်ပြောပြသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဓားစာခံအဖြစ် ပြည်သူ ၁၃ ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုဓားစာခံများထဲမှ ကိုးပင်ရွာက အသက် ၄၉ နှစ်အရွယ် ဦးခင်မောင်ဝင်းဆိုသူကို လမ်းတွင် သတ်ဖြတ်မီးရှို့ထားခဲ့သည်ဟုလည်း ဆိုသည်။