တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီက အင်အားသုံးဖမ်းဆီးနေသဖြင့် သပိတ် အင်အားစု သိသာစွာလျော့သွားကြောင်းထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်လက လောင်းလုံးမြို့နယ်အတွင်းရှိ သပိတ်အင်အားစုများကို လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အများစုမှာ တိမ်းရှောင်နေရသဖြင့် အင်အားလျော့ပါးသွားခြင်းဖြစ်သည်။
“ မတ်လအတွင်းမှာစစ်ကောင်စီတပ်ဘက်က အင်အားသုံးပြီး ဖမ်းဆီးတာတွေရှိတယ်။တစ်လလုံးနီးပါး တင်းတင်းကျပ်ကျပ်ဖမ်းဆီးတာကြောင့် သပိတ်အင်အားက သိသိသာသာလျော့သွားတယ်။တချို့ရဲဘော်တွေဆို ထိုင်းတို့ မလေးတို့အထိပါပြေးရတယ်” ဟု DDMSC စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီဝင်တစ်ဦးကပြောသည်။
သို့သော်၊လောင်းလုံးမြို့နယ်အတွင်း လူထုစည်းရုံးရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ယနေ့တွင်လည်း လောင်းလုံးမြို့နယ်အတွင်း ဖမ်းဆီးမှုများရှိနေသောကြောင့် စစ်ကောင်စီတပ်ရှိ၊မရှိကင်းထောက်လှမ်းကာ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်။
“ ကျွန်တော်တို့က သူတို့လာရင်ပြေးတယ်။သူတို့ထွက်သွားရင် ပြန်လုပ်တယ်ပေါ့။တော်လှန်ရေးမှာ စစ်ရေးကအရေးပါတယ်ဆိုပေမယ့်လည်း ပြည်သူတွေထဲကပေါက်ဖွားလာတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ပြည်သူတွေပိုပြီး တော်လှန်ရေးအသိ၊နိုင်ငံရေးအသိတွေ ရှိအောင် အကြမ်းဖဖက်တဲ့နည်းနဲ့ လူထုလှုပ်ရှားမှုတွေလုပ်နေရတာပါ။အဓိကပြောချင်တာက အာဏာသိမ်းကတည်းက ဆန့်ကျင်မှုတွေလုပ်လာတာ ဒီနေ့အထိပဲ နောက်လဲဆက်လုပ်သွားမှာပါ” ဟု ၎င်းကပြောသည်။
ယနေ့နံနက် ၁၀နာရီခန့်က လောင်းလုံးမြို့နယ်အတွင်း ကျေးရွာ(၃)ရွာရှိ ဈေးများသို့ သွားရောက်ကာ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကာ သပိတ်အင်အားစုများ ဘေးကင်းစွာ လွတ်မြောက်ရာအရပ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။