ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ်၊ မြို့နယ်ဥပဒေအရာရှိနေအိမ်နှင့် မြို့နယ်ကော်မရှင်ရုံးအနီးကို ဗုံးဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကြံခင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ ည ၇ နာရီခွဲအချိန်ဝန်းကျင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဝေးထိန်းမိုင်းအသုံးပြုကာ ယင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
စစ်ဆင်ရေးနှင့်ပတ်သက်ပြီး ကြံခင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” မြို့နယ် ပ.က.ဖ တွေတော့ လှူပ်ရှားမှုတွေ ဆောင်ရွက်နေပါတယ်။ ခရိုင်အလိုက် မြို့နယ် ပ.က.ဖ တွေ ဆောင်ရွက်နိုင်ဖို့ ပြင်ထားပါတယ်” ဟု ပြောသည်။
စစ်ကောင်စီမှ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံကြောင်းနှင့် စစ်ကောင်စီအလိုကျ ပြည်သူများအား အနိုင်ကျင့် ဖိနှိပ်မှုများ ဆောင်ရွက်နေသော မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကို သတိပေးသည့်အနေဖြင့် ယခုလို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကိုမူ စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။
“ ထိုစစ်ဆင်ရေးဆောင်ရွက်မည့် နေရာသို့ ပြည်သူတစ်ဦးရောက်ရှိလာခဲ့ပြီး အနည်းငယ်ထိခိုက်မှုရှိခဲ့သည်ဟု သိရှိရသည့်အတွက် စိတ်မကောင်းစွာဖြင့် အထူးတောင်းပန်အပ်ပါသည်။ နောက်နောက်များတွင်လည်း ပြည်သူများအနေဖြင့် စကစနှင့် ပတ်သက်သောနေရာများသို့ အသွားအလာဆင်ခြင်ပေးကြပါရန်နှင့် စစ်ကောင်စီ၏ အဓမ္မပျော်ပွဲသင်္ကြန်တွင် ပြည်သူများ မပါဝင် မပူးပေါင်းရန် လည်းကြိုတင်နှိုးဆော်ပန်ကြားအပ်ပါသည်” ဟု ကြံခင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောသည်။