မကြာမီ ကျင်းပတော့မည့် သင်္ကြန်ရက်များတွင် ရန်ကုန်နေပြည်သူများ ပါဝင်မဆင်နွှဲကြရန် ရည်ရွယ်ပြီး ရန်ကုန်မြို့တွင်းရှိ တော်လှန်လူငယ်များမှ ဦးဆောင်ကာ ကမ်ပိန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၉ ရက်နေ့ ယမန်နေ့က စစ်ကောင်စီ က ပြုလုပ်သည့် သင်္ကြန်ပွဲကို ပြည်သူများ မဆင်နွှဲကြရန် ရည်ရွယ်ထားသည့် စတေကာများကို အများပြည်သူ သွားရောက်နေသည့် နေရာများတွင် လိုက်ကပ်ခဲ့ကြောင်း ကမ်ပိန်းတွင် ပါဝင်ခဲ့သူ တစ်ဦးက ယခုလိုပြောသည်။
“ ကျနော်တို့ ပြောချင်တဲ့ သတင်းစကားလေးတွေကို စတေကာတွေ ထုတ်ပြီး YBS ယာဉ်တွေပေါ်မှာရော၊ ရပ်ကွက်ရုံး အနီးအနားက ပြည်သူတွေ အသွားများတဲ့ နေရာတွေမှာပါ လိုက်ကပ်ပါတယ်” ဟု ပါဝင်သူက ဆိုသည်။
ကျဆုံးရဲဘော်တွေရဲ့ သွေးကို သင်္ကြန်ရေနဲ့ မဆေးနဲ့ စာသားများ၊ တိုင်းရင်းသားတွေရဲ့ မျက်ရည်နဲ့ သင်္ကြန်ပွဲ မဆင်နွှဲနဲ့ ဆိုသည့် စာသားများ၊ ပျော်စရာသင်္ကြန်မဟုတ်တဲ့ တော်လှန်သင်္ကြန် ဆိုသည့် စာသားများကို လိုက်ကပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့ပြ ပျောက်ကျားအဖွဲ့များအနေနှင့်လည်း ယခုနှစ် သင်္ကြန်တွင် စစ်ကောင်စီ ညွှန်ကြားချက်နှင့် တည်ဆောက်ထားသည့် သင်္ကြန်မဏ္ဍပ်များတွင် ရေမကစားရန်နှင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်များကိုလည်း သတိပေးထားသလို စစ်ကောင်စီဘက်မှလည်း လုံခြုံရေးများ တင်းကျပ်ထားကြောင်းလည်း သိရသည်။