မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ရှိ အခြေခံပညာ စာသင်ကျောင်း တစ်ကျောင်း၌ ယနေ့ ဧပြီလ (၈) ရက်နေ့တွင် ဗကသများ အဖွဲ့ချုပ်မှ သမဂ္ဂဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရသည်။
ဗကသများအဖွဲ့ချုပ်မှ ရဲဘော်များ ဦးဆောင်၍ အခြေခံပညာကျောင်းများတွင် ကျောင်းသားများကို စည်းရုံးရေးဆင်းကာ ကျောင်းသားထု အစည်းအဝေးခေါ်ယူ၍ ဒီမိုကရေစီနည်းကျ ကျောင်းသားထုကိုယ်တိုင် ရွေးကောက်တင်မြှောက်ကာ သမဂ္ဂများဖွဲ့စည်းနေခြင်းဖြစ်သည်။
“ တော်လှန်ရေးကာလမှာ အခြေခံပညာကျောင်းသားသမဂ္ဂ ဆိုတာကလည်း လိုအပ်တယ်။ အင်အားစုတခုလည်းဖြစ်တယ်။ အရင်ကတည်းကလည်း ရှိခဲ့တယ်။ အဲ့တာကြောင့် ကျနော်တို့ အခြေခံကျောင်းတွေမှာ သမဂ္ဂတွေ လိုက်ဖွဲ့ပေးနေတယ်ပေါ့နော်။ အဲ့ကနေမှတဆင့် မြို့နယ်သမဂ္ဂတွေ၊ ခရိုင်သမဂ္ဂတွေဖွဲ့ပြီး လူထုအကျိုးပြုလုပ်ငန်းတွေအထိ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးမှ MPA ကို ပြောသည်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် အခြေခံသမဂ္ဂများလိုက်လံဖွဲ့စည်းကာ သမဂ္ဂဖွဲ့စည်းပြီးသော ကျောင်းများ၌ အထိမ်းအမှတ်နေ့ ဟောပြောပွဲများ၊ လူထုလှုပ်ရှားမှုများ၊ လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။