မန္တလေးတိုင်း၊ နွားထိုးကြီး – မြင်းခြံ လမ်းပိုင်းတစ်နေရာတွင်စစ်သားများတင်ဆောင်လာသော အိမ်စီး ကား၂စီး ကို မိုင်းဆွဲခဲ့ရာ ၃ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဧပြီလ ၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် မြင်းခြံမြို့နယ်၊ ကန်ရွာနှင့်ကန်နှောင်းရွာကြား၌ စစ်ကောင်စီတပ်သား၁၆ဦးလိုက်ပါလာသော Mark-II နှင့် Super Customကား ကို မိုင်းပွိုင့် ၇ ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဖရဲသီး သတင်းရတာ။Mark-II နဲ့ Super Custom ၂ စီးနဲ့ ဒီလမ်းကနေလာမယ်ဆိုတာ သတင်းအတိအကျရထားလို့ ကြိုတင်ပြီးမိုင်းပွိုင့် ၇ ပွိုင့်ထောင်တာ။၇ ပွိုင့်စလုံးအကုန်ကွဲတယ်။ကားပေါ်မှာ အရာရှိ ပါတယ်လို့တော့ မကြားမိဘူးဗျ။မိုင်းဆွဲလိုက်တဲ့အချိန် ကား ၂စီးစလုံး ကထိုးရပ်သွားတယ်။ကားတွေလည်း ပျက်စီးတယ်။သူတို့က ရမ်းပစ်နေပြီး မြင်းခြံဘက်ကိုမောင်းထွက်သွားတာ”ဟု MBT တာဝန်ခံ ဗိုလ်မိုက်ခဲ ကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီး စစ်သားများက ၅ မိနစ်ခန့် ကြာရမ်းသန်းပစ်ခတ်ခဲ့သည်။ထို့နောက် သေဆုံးသွားသည့်စစ်သားနှင့်ဒဏ်ရာရရှိသူများကို မြင်းခြံဆေးရုံသို့ပို့ဆောင်လိုက်ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger-MBT နှင့် People’s Defense Force Mandalay(MDY-PDF)တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ဧပြီလ ၆ ရက်နေ့ ကလည်း ရေစကြိုမြို့ပေါ်ရှိ စစ်မှုထမ်းဟောင်းရုံးကို MBT တပ်ဖွဲ့က လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့သေးသည်။