မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွင်ခရီးသည်တင် Expressကားများပြေးဆွဲမှု ယာယီရပ်နားထားပြီး ကိုယ်ပိုင်ယာဉ်များသာ လမ်းဟောင်းမှ ဖြတ်သန်းနေကြောင်းသိရသည်။
ကော့ကရိတ်မြို့နယ်နှင့် မြ၀တီမြို့နယ် အာရှလမ်းမကြီးတစ်လျှောက် တိုက်ပွဲများပြင်းထန်နေသဖြင့် အရပ်သားပြည်သူများ အနေဖြင့် မြ၀တီ -ကော့ကရိတ်လမ်းမကြီးကို ဧပြီ ၇ ရက်နေ့မှ ဧပြီ ၂၁ ရက်နေ့အထိ လုံး၀ဖြတ်သန်းသွားလာခြင်းမပြုကြရန် တော်လှန်ရေးအင်အားစု မြေပြင်ပူးပေါင်းစစ်ကြောင်းများက ယမန်နေ့ညပိုင်း၌ ထုတ်ပြန်ပြီးနောက် လမ်းဟောင်း(တောလမ်း)မှ ဖြတ်သန်းသည့် ယာဉ်စီးခဈေးနှုန်း မြင့်တက်သွားခဲ့ကြောင်း မြဝတီမှ ရန်ကုန်သို့ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။
“ အရင်က အာရှလမ်းပိုင်းကို လေးယောက်စီးကားနဲ့ဖြတ်ရင် တစ်ယောက်ကို လေးသောင်းခွဲပဲကျတယ်။မတ်လ ၂၅ရက်နေ့နောက်ပိုင်းအထိကတော့ တိုက်ပွဲကြည့်ပြီး ဖြတ်နေကြတာပဲ။အခုတော့ မဖြတ်ရဲတော့ဘူး။မနက်ကတောင် ကားတစ်စီး အာရှလမ်းပိုင်းကသွားတာ လက်နက်ကြီးစာမိပြီး ကားရော လူတွေရော သေသွားတယ်ကြားတယ်” ဟု ၎င်းကပြောသည်။
မြဝတီ-ကော့ကရိတ်လမ်းဟောင်းကို အသုံးပြု၍ ရန်ကုန်သို့ သွားရောက်လိုသူများအား မြဝတီအခြေစိုက် ယာဉ်မောင်းများက ပို့ဆောင်ပေးနေပြီး တစ်ဦးလျှင် ၇သောင်းကျပ်မှ ၈သောင်းကျပ်ကြားပေးရကြောင်း မြဝတီမြို့ခံတစ်ဦးကပြောသည်။ “ လမ်းဟောင်းကနေသွားရတာက ကားလည်းနာတယ်။လူလည်းပင်ပန်းတယ်။အဲ့ဘက်မှာလည်း စစ်ကောင်စီစခန်းငယ်တွေရှိတယ်။အလယ်ဗိုလ်တဲကိုဖြတ်ရမှာဆိုတော့လေ။ကားဈေးကတော့ မငြိမ်ဘူး။အရင်က ခြောက်သောင်းလောက်ပဲကျရာကနေ အခု တစ်ယောက်ကို ၇သောင်း၊၈သောင်းပေးရတယ်” ဟု ၎င်းကပြောသည်။
မြ၀တီ -ကော့ကရိတ်လမ်းမကြီးမှတစ်ဆင့် စစ်ကောင်စီတပ်က အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုကာ လူအင်အား၊ လက်နက်ခဲယမ််းနှင့် စားနပ်ရိက္ခာများပို့ဆောင်လျက်ရှိသဖြင့် အရပ်သားပြည်သူများအား လမ်း ဖြတ်သန်းသွားလာခွင့် ယာယီပိတ် လိုက်ကြောင်း မြေပြင်ပူးပေါင်း စစ်ကြောင်းများက ထုတ်ပြန်ထားသည်။