မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်၊တာချီလိတ်မြို့အနီးတွင် တောမီးရှို့ရာမှ မထိန်း နိုင်ဖြစ်ကာ တောမီးလောင်မှုဖြစ်ပွားလက်ရှိကြောင်း သိရသည်။
ဧပြီလ ၇ရက်နေ့၊ညနေပိုင်းက မြန်မာဘက်ခြမ်းရှိ လွယ်တောခမ်းတောင်ဘက်တွင် တောမီးရှို့ရာမှ မီးကူးစက်ကာ တောမီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း တာချီလိတ်မြို့သားတစ်ဦးကပြောသည်။
“ မတ်လ တုန်းက ထိုင်းဘက်မှာ တောမီးလောင်လို့ တာချီလိတ်မှာ လေထုတော်တော်ဆိုးပြီး မျက်ရည်ကျတာတို့ အသက်ရှုကျပ်တာတို့ဖြစ်သေးတယ်။အခုက မြန်မာဘက်မှာ မနေ့ညနေက စလောင်တာ။ ဒီနေ့အထိ မီးခိုးငွေ့တွေရော မီးစတွေရော ရှိနေသေးတယ်” ဟု ၎င်းကပြောသည်။
တောမီးလောင်မှုကြောင့် သစ်ကိုင်းကျိုးကျသံနှင့် သစ်သားပေါက်ကွဲသံများကို တာချီလိတ်မြို့ရှိ ကချင်ရွာဘက်မှာပင်ကြားရကြောင်း ယင်းမြို့ရှိ ကချင်ရွာတွင် နေထိုင်သူတစ်ဦးကပြောသည်။
“ တာချီလိတ်က ကပ်ဆိုက်နေသလိုပဲ။လောင်လိုက်တဲ့တောမီးဆိုတာ။မနေ့ည ၂နာရီလောက်က ပေါက်ကွဲသံတွေအကျယ်ကြီးကြားရတယ်။မီးစတော့ မမြင်ရဘူး။လွယ်တောခမ်းတောင်ဘက်မှာ ရွာငယ်လေးတွေလည်းရှိတယ်။သူတို့လည်း ရှောင်ပြေးနေရတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် တာချီလိတ်မြို့အနီးရှိ တောမီးလောင်မှုကို မီးထိန်းနိုင်ပြီဖြစ်သော်လည်း တမြေ့မြေ့လောင်ကျွမ်းမှုများကြောင့် မီးခိုးလုံးများထွက်ပေါ်လာကာ ကျောက်တောင်ဘက် အနီးရှိ ပြည်သူများမှာ အသက်ရှုမဝခြင်းနှင့်မီးခိုးမွှန်ခြင်း တို့ ခံစားနေရကြောင်း သိရသည်။
မတ်လ ၂၃ ရက်နေ့ ညပိုင်းမှ မတ်လ ၂၇ရက်နေ့အထိ ထိုင်းနိုင်ငံဘက်က တောမီးလောင်မှုကြောင့် တာချီလိတ်မြို့တွင် လေထုအရည်အသွေး အညွန်းကိန်းသည် ကျန်းမာရေးအတွက် အလွန်မသင့်တော်သည့် အခြေအနေ၏ နှစ်ဆအထိ ရောက်ရှိခဲ့သေးသည်။