ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရွာကြီးကျေးရွာအုပ်စုအတွင်းရှိသည့် ပျားစခန်းကျေးရွာသို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး အချို့လည်း ထိခိုက်ဒဏ်ရာများ ရှိခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဧပြီလ ၆ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်ခန့်တွင် စစ်ကောင်စီသည် ပသခါပွဲတော်အပြင် စုပေါင်းလက်ထပ်ပွဲရှိသည့် ယင်းနေရာကို အသံချဲ့စက်အသံ၊ သီချင်းဖွင့်သံကြားရသောကြောင့် PDF များရှိသည်ဟု ယူဆပြီး ၎င်းတို့၏ ၇ မိုင် စစ်ကောင်စီစခန်းမှ လက်နက်ကြီး( ၁၂၀ မမ) လေးလုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးပြီး လေးဦး ဒဏ်ရာရကာ အသက် ၆၀ အရွယ် အဖွားတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဒဏ်ရာရသူ လေးဦးတွင် ကလေး ၂ ဦး (ကျားတစ်ဦး မ တစ်ဦး) နှင့် လူငယ် ၂ ဦး ( ကျားတစ်ဦး၊ မ တစ်ဦး) ပါဝင်ပြီး ၎င်းတို့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှု ခံယူလျက်ရှိပြီး ဒဏ်ရာရရှိသူများထဲတွင် စိုးရိမ်ရသည့် အခြေအနေတွင် ရှိသူများလည်း ပါဝင်နေသည်ဟု ဒေသခံတစ်ဦးက MPA သို့ ရှင်းပြသည်။
ပျားစခန်းကျေးရွာအတွင်းတွင် လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် သံတောင်မြို့သစ် ( ၁၃ မိုင်) တွင် ရှိသော စစ်ကောင်စီစခန်းမှလည်း မြို့ပတ်လည်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် လက်ရှိတွင် ပြည်သူများ ထိတ်လန့်ကြောက်ရွံ့နေရသည်ဟု စုံစမ်းသိရှိရသည်။