မကွေးတိုင်း၊ရေစကြိုမြို့ပေါ်ရှိ ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံး ကို လက်နက်ငယ်များဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဧပြီလ ၆ ရက်၊ ည ၇ နာရီအချိန်တွင်ရေစကြိုမြို့၊ အမှတ်(၄)ဖောင်တော်ဦးရပ်ကွက်ရှိ စစ်သား အင်အား ၅၀ ဝန်းကျင်ရှိ ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံး ကို MBT တပ်ဖွဲ့က အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ၄ ရက်နေ့ကတည်းက သွားတိုက်ဖို့ သတင်းပေါက်ကြားသွားတာနဲ့ ရက်ရွှေ့လိုက်တာ။စခန်းထဲမှာ သူတို့တွေက ပုံမှန်ပဲဗျ။ကျနော်တို့ မလာတော့ဘူးလို့ ထင်သွားတာနေမယ်။အင်အားတော့ ဖြည့်ထားတယ်။လမ်းပေါ်ကနေပဲ ဆိုင်ကယ်ရပ်ပြီး ပစ်တာ။အချိန်မကြာဘူး ခဏပဲ။ပစ်ပြီးတာနဲ့ ပြန်ဆုတ်တာ။ပြောက်ကျားစနစ်အတိုင်းပဲ”ဟု MBTတာဝန်ခံ ဗိုလ်မိုက်ခဲ ကပြောသည်။
စစ်မှုထမ်းဟောင်းရုံးထဲမှ ပြန်လည်ပစ်ခတ်သော်လည်း PDF ရဲဘော်များ အထိအခိုက် မရှိပေ။ ဒဏ်ရာရ စစ်သား ၂ ဦးကို ရေစကြိုပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ထားကြောင်းသိရသည်။
စစ်သားများ ထိခိုက်မှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း MBTနှင့်မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံးကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့သေးသည်။