စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်အတွင်း မိုင်းထွက်ရှင်းသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးကြောင်းသိရသည်။
ဧပြီလ ၅ ရက် နံနက် ၈ နာရီဝန်းကျင်တွင် တည်သီးတောပျူစောထီးကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးမောင်ဆန်းဦးဆောင်သော ပျူစောထီးအဖွဲ့နှင့် ဇီးဖြူကုန်းရွာတွင် တပ်စွဲထားသော စစ်သား စုပေါင်းအင်အား ၂၀ ခန့်က မိုင်းရှင်းရန် ကား၊ဆိုင်ကယ်များဖြင့် ထွက်လာစဥ် တည်သီးတောနှင့်ဇီးဖြူကုန်းရွာကြား ဂျိုးမြေဇင်း လမ်းပိုင်းတစ်နေရာ၌ ပဒေသာမိုင်း ၃ ဖြင့် ၃ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) ထုတ် ပြန်သည်။
“ပျူစောထီး ၄ ဦးသေတယ်။မောင်ဆန်းက ကားနဲ့လာတော့ မသေခဲ့ဘူး။သေတဲ့ကောင်တွေက ဆိုင်ကယ်တွေနဲ့လာကြတာ။မိုင်းဆွဲခံလိုက်ရချိန် ကိုးရိုးကားရားတွေနဲ့ အရင်လို သေနတ်တောင် အကြာကြီးမပစ်နိုင်ဘူး။၂ချက်လောက်ပဲ ရမ်းပစ်သွားတာ။ထိခိုက်သေဆုံးတဲ့ ၇ ဦးစလုံးကို ကားနဲ့ပြန်တင်သွားတာ”ဟု ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)မှ ပြန်ကြားရေး၊ဘဏ္ဍာရေးနှင့် တိုက်ခိုက်ရေး Drone မောင်းတာဝန်ခံ ရဲဘော်ဗလကြီး ကပြောသည်။
ထိခိုက်ဒဏ်ရာရရှိသော အုပ်ချုပ်ရေးမှူးမောင်ဆန်းအပါအဝင် ပျူစောထီး ၃ ဦးကို ရွှေဘိုဆေးရုံသို့ပို့ဆောင်ထားပြီး သေဆုံးသွားသော ပျူစောထီးများအား ဇီးဖြူကုန်းရွာသို့သယ်ဆောင်သွားကြောင်းသိရသည်။
ပျူစောထီးများသေဆုံးဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
“မောင်ဆန်း က ကျနော်တို့နယ်ဘက်မှာ ဆရာကြီး။စစ်ခွေးတွေနဲ့စပေါင်းကတည်းက သူ့ကို သေနတ်ပေးထားတာ။တည်သီးတောရွာမှာနေတယ်ဆိုပေမဲ့ သူတကယ်နေတာက ဇီးဖြူကုန်းရွာမှာတပ်စွဲထားတဲ့ စစ်သားတွေနဲ့ နေတာများတယ်။သူသွားလေရာမှာ သူ့တပည့်တွေ အနည်းဆုံး၁၀ယောက်ဝန်းကျင်ပါတယ်။စစ်ကြောင်းထိုးဖို့ လမ်းပြတာလည်း ဒီကောင်တွေပဲ”ဟု ၎င်းကဆိုသည်။
ဧပြီ ၄ ရက်နေ့ကလည်း ဇီဖြူးကုန်ရွာမှ ထွက်လာသည့် စစ်သားများကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့သေးသည်။
ဇီးဖြူကုန်းကျေးရွာတွင် စစ်သား ၂၅ ဦးခန့်တပ်စွဲထားပြီး အနီးကျေးရွာများဖြစ်သည့် ရွာစိုး၊ပေါက်ချိုင်၊ထူးကြီးနှင့်တည်ပင်ရွာများကို စစ်တပ်က ဖော်ဖော်ဝါရီလအတွင်း စစ်ကြောင်းထိုးမွှေနှောက်ခဲ့သေးသည်။