ရခိုင့်တပ်တော် အေအေ၏ ချီးကျူးဂုဏ်ပြုမှုနှင့်အတူ အဖွဲ့၏ မျှော်မှန်းချက်၊ ရပ်တည်ချက်၊ မူဝါဒများအား ကိုင်ဆွဲလျက် ထိုမျှော်မှန်းချက်များအား အောင်မြင်သည်အထိ အကောင်းဆုံး ကြိုးစားသွားမည်ဟု လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA -Magway မှ စစ်ဦးစီးချုပ် ဟာကျူလီက ပြောသည်။
လူထုတော်လှန်ရေး မဟာမိတ်အင်အားစု People’s Revolution Alliance (PRA _Magway) သည် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်နေ့ မှစ၍ လက်နက်ကိုင် လမ်းစဉ်အား ရွေးချယ်ကာ လက်ရှိအချိန်ထိ ရပ်တည်ခဲ့သည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့၌ ယင်းအဖွဲ့သည် ၂ နှစ် တင်းတင်းပြည့်ခဲ့ပြီး PRA မကွေး၏ ၂ နှစ်ပြည့် အခမ်းအနားသို့ ရခိုင့်တပ်တော် အေအေ၏ Nova (နိုဗာ ) စစ်ဒေသမှ ပေးပို့သော ချီးကျူးဂုဏ်ပြုမှု သ၀ဏ်လွှာကို ရရှိခဲ့သည်။
ရခိုင့်တပ်တော် အေအေသည် သဝဏ်လွှာထဲတွင် “တော်လှန်ရေး လောကဓံအား အန်တုပြီး စစ်အာဏာရှင်စနစ်ကို ရရာလက်နက်၊ ရသည့် နည်းလမ်းပေါင်းစုံဖြင့် အရှုံးမပေး၊ နောက်မဆုတ်သော စိတ်ဓာတ်ဖြင့် ၂ နှစ်တာကာလထိ ခုခံတော်လှန် တိုက်ပွဲ၀င်နေသော PRA မကွေးအား ချီးကျုးဂုဏ်ပြုကြောင်း” ဆိုသည့် ဂုဏ်ပြုစာရေးသား ပေးပို့ခဲ့သည်။
“ မဟာမိတ် အေအေ ဆိုတာ ကျနော်တို့ စံပြုလေးစားအားကျရတဲ့ တပ်တော် ဖြစ်ပါတယ်။ PRA Magway ရယ်လို့ ခိုင်ခိုင်မာမာ ဖွဲ့စည်းတည်ဆောက်နိုင်ဖို့ အကူအညီ အထောက်အပံ့အများကြီး ပေးခဲ့တာလည်းဖြစ်ပါတယ်။ အေအေရဲ့ ချီးကျူးဂုဏ်ပြုမှု အတွက် ကျနော်တို့အများကြီး ဝမ်းသာဂုဏ်ယူရသလို တစ်ဘက်မှာလည်း ကျနော်တို့ ကြိုးစားဖို့အတွက် အများကြီး လိုသေးတယ်ဆိုတာကိုလည်း သတိမမေ့သွားပါဘူး”ဟု PRA မကွေး၏ စစ်ဦးစီးချုပ် ဟာကျူလီက MPA သို့ ပြောပြသည်။
ထို့ကြောင့် ရခိုင့်တပ်တော် အေအေနှင့် မဟာမိတ်ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက်ပြီး အဖွဲ့၏ မျှော်မှန်းချက်ဖြစ်သည့် လူသား၏ ဖြစ်တည်မှု၊ ဂုဏ်သိက္ခာ၊ ကိုယ့်ကံကြမ္မာကို ဖန်တီးနိုင်ခွင့်ကို အခြေခံ၍ လွတ်လပ်မျှတမှုရှိပြီး တရားမျှတမှုရှိသည့် လူ့ဘောင်အသစ်တစ်ရပ် ပေါ်ထွန်းလာသည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားပြီဖြစ်သည်ဟုလည်း PRA မကွေး၏ စစ်ဦးစီးချုပ် ဟာကျူလီက ဆက်လက်ရှင်းပြသည်။
လက်ရှိတွင် လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA -Magway နေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၀ ကတည်းမှ ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ ချမှတ်ထားသည့် စစ်သည်တော် ကျင့်၀တ် (Code of Conduct)၊ အမိန့်ပေး ကွင်းဆက် (Chain of Command) တွင် ပါ၀င်ရန်၊ NUG ၏ PDF များနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရန်၊ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် ကူညီဆောင်ရွက်ရန် သဘောတူထားသည်ဟု စုံစမ်းသိရှိရသည်။
ထိုသဘောတူညီမှုနောက်ပိုင်းတွင်လည်း MOD မှ တပ်၏ ရိက္ခာလိုအပ်ချက်၏ အစိတ်အပိုင်းတစ်ခုအား လစဉ်ဖြည့်ဆည်းပေးမှုနှင့်အတူ NUG ကျန်းမာရေး၀န်ကြီးဌာနမှ ဆေးဝါးလိုအပ်ချက်များလည်း လစဉ်ကူညီလျက်ရှိသည်ဟု ပြောပြသည်။
PRA မကွေးသည် ၂ နှစ်တာ ကာလအတွင်း ဖြတ်သန်းခဲ့သည့် ရည်မှန်းချက်များအဖြစ် စစ်အာဏာရှင်အပါအ၀င် အာဏာရှင်မှန်သမျှ အလုံးစုံ ချုပ်ငြိမ်းရေး၊ လူသား၏ ဖြစ်တည်မှု ၊ဂုဏ်သိက္ခာ ၊လွတ်လပ်မှု၊ ကိုယ့်ကံကြမ္မာကို ဖန်တီးနိုင်ခွင့်ကို အခြေခံသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရေးနှင့် နိုင်ငံရေး တရားမျှတမှု၊ စီးပွားရေးတရားမျှတမှုနှင့် လူမှုရေးတရားမျတမှုရှိသည့် လူ့ဘောင်သစ်တစ်ရပ် ပေါ်ထွန်းလာစေရေး ဆိုသည့် ရပ်တည်ချက်များအတိုင်း ဆောင်ရွက်တိုက်ပွဲဝင်လျက်ရှိသည်။
လက်ရှိတွင် PRA မကွေး အနေဖြင့် စစ်ရေးအရ သီးခြား စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန် ပြင်ဆင်လျက်၊ တစ်ဘက်တွင်လည်း တပ်ပေါင်းစု ဖွဲ့စည်း၍ ယခုထက် ပိုမိုခိုင်မာအားကောင်းသည့် စစ်ဆင်ရေးများ ဖော်ဆောင်နိုင်ရန် ကြိုးစားလျက် ရှိကြောင်း အသိပေးသည်။