တိုက်ပွဲများကြောင့် မြဝတီမြို့၊ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးရှိ ဆိုင်များအားလုံး ပိတ်ထား ကြောင်း သိရသည်။
မတ်လ ၂၅ရက်နေ့မှ စတင်ကာ မြဝတီမြို့ကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရပြီးနောက် မြဝတီမြို့တွင်းသွားလာလှုပ်ရှားသူ သိသိသာသာ နည်းသွားပြီး ယမန်နေ့ကဖြစ်ပွားခဲ့သည့် ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲများကြောင့် လမ်းမတန်းများ၌ ညနေပိုင်း လူအသွားအလာ မရှိတော့သလောက်ဖြစ်သွားကြောင်း မြဝတီမြို့နေ ဒေသခံတစ်ဦးကပြောသည်။
“ ဒီဘက်မှာ ဈေးလည်းဖွင့်တယ်။တခြားဆိုင်တွေလည်းဖွင့်ပါသေးတယ်။တစ်ခုတော့ရှိတာပေါ့ ။ဆိုင်တချို့ဆို တံခါးပိတ်ထားတယ်။အထဲဝင်ဝယ်ရင်တော့ရောင်းပေးတယ်။တံတားနားကတော့ အကုန်ရှင်းထားတယ်။ဘာမှ မဖွင့်ဘူး” ဟု ၎င်းကပြောသည်။
မြဝတီမြို့အတွင်းရှိ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးတွင် မြန်မာစစ်တပ်က တပ်စွဲကာ အရံအတားများချထားပြီး စစ်ဆေးရေးတင်းကျပ်စွာ လုပ်ဆောင်နေကြောင်းမြဝတီမြို့ ယာဉ်မောင်းတစ်ဦးကပြောသည်။
“ အခုကတံတားနားက ရပ်ကွက်အချို့နဲ့ ဆိုင်တွေဆို မထွက်ရဘူး။အရံအတားတွေကျော်လာတာနဲ့ သေချာစစ်တာ။ထိုင်းဘက်ကူးမယ်ဆိုရင်လည်း မေးတာစိစိပေါက်ပေါက်ကိုမေးတာ။အဲ့တံတားနားက ငွေလဲပေးတဲ့ဆိုင်တွေ၊ ရွှေဆိုင်တွေ ပိတ်ထားတာတော့ စစ်သားတွေ စရောက်ကတည်းကပဲ။တံတားကလည်းရာဇဝင်နဲ့ဆိုတော့ သူတို့လန့်နေတာလည်းပါတာပေါ့” ဟု ၎င်းကပြောသည်။
တံတားဘေးရှိ လမ်းကြားများကို ပိတ်လိုက်သည်မှာလည်း ၄ရက်ရှိပြီဟု သိရသည်။
“ အရံအတားချထားတဲ့နားကို ဖြတ်တာနဲ့ စစ်တာ။မော်တော်ပီကယ်တွေလည်း ချထားတယ်။မြန်မာစစ်သားတွေ ပါရှိတယ်။သူတို့က အပြင်မထွက်ဘူး။ဂိတ်ထဲမှာပဲ။ဝင်လာတဲ့သူတွေကိုစစ်တာ။ဆိုင်တွေကတော့ တံတားနားတောက်လျှောက်ပိတ်ထားတာ” ဟု ၎င်းကဆက်လက်ပြောသည်။
မြဝတီမြို့ ဈေးနှင့် အဝေးပြေးဂိတ်မှာမူ ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း မြဝတီမြို့နေ ဒေသခံတစ်ဦးကပြောသည်။