စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အတွင်း စိတ်ကျန်းမာရေးမကောင်းသူ၂ဦးကို စစ်ကောင်စီတပ်က ရက်စက်စွာ သတ်ထားခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ထုတ်ပြန်သည်။
ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာသား ဆို့အနားမကြားနှင့် စိတ်ကျန်းမာရေးမကောင်းသူ ကိုဝလီ(၃၅နှစ်)ကို သေနတ်ဖြင့် အချက်ပေါင်း များစွာ ပစ်သတ်ခဲ့ပြီး နောက်ထပ်စိတ်ကျန်းမာရေးမကောင်းသူ ဦးဌေးမောင်(၆၅နှစ်) ကို လက်နောက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ခဲ့ကြောင်း သိရသည်။
“ အင်းလယ်ရွာက နှစ်ရက်ဆက်တိုင်မီးရှို့ခံရတာ။ရွာကတော့ ရွာကြီးပဲ။နေအိမ် ၂၀၀လောက် ပြာကျသွားတယ်လို့ ခန့်မှန်းရတယ်။အသတ်ခံရတဲ့သူတွေက ရူးနေတဲ့ နှစ်ယောက်။တစ်ယောက်ကတော့ ယဉ်ယဉ်လေးရူးနေတာ။ဘယ်နေ့က အသတ်ခံရလဲတော့မသိဘူး။သုံးရက်နေ့နဲ့ လေးရက်နေ့ တစ်ရက်ရက်ပဲ” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ ၏တာဝန်ရှိသူတစ်ဦးကပြောသည်။
ဧပြီလ ၃ရက်နေ့၊ညနေပိုင်းက အင်းလယ်ကြီးရွာအတွင်းသို့ ကန့်ဘလူ အခြေစိုက် အမြောက်တပ်ရင်းနှင့် ပျူစောထီးအင်အား ၁၅၀ကျော် ဝင်ရောက်လာကာ အင်းလယ်ကြီးရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး သတ်ဖြတ်မှုများ လည်း ကျုးလွန်ခဲ့ခြင်းဖြစ် သည်။
“စစ်ကြောင်းထိုးလာတော့ နှစ်ယောက်လုံးရှောင်ဖို့ပြေးဖို့ဘယ်လိုမှ ခေါ်မရတာကြောင့်ထားခဲ့ရတာ”ဟု အင်းလယ်ကြီးရွာသားတစ်ဦးက ပြောသည်။
အင်းလယ်ကြီးကျေးရွာသည် အိမ်ခြေ ၈၀၀ ကျော်ရှိသည့် ရွာကြီးဖြစ်ပြီး ယခင် ၂၀၂၂ ခုနှစ်ကလည်း စစ်ကောင်စီတပ်က မီးရှို့သဖြင့် အိမ် ၁၃၆ လုံးပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် နှစ်ရက်ဆက်တိုင်မီးရှို့ခံခဲ့ရသည့် အင်းလယ်ကြီး ကျေးရွာအတွင်း နေအိမ်မည်မျှ မီးလောင်သွားသလဲဆိုသည်ကို အတိအကျမသိရသေးပေ။