စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယနေ့နံနက်က စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ကာ အင်အားများလည်း ချခဲ့သည့်အတွက် ဒေသကာကွယ်ရေးတပ်စခန်းနှစ်ခု လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
တိုက်ခိုက်ခံခဲ့ရသော တပ်စခန်းနှစ်ခုမှာ M7 PDF ၏ တပ်ခွဲ ၁ နှင့် တပ်ခွဲ ၂ ဟုသိရပြီး စစ်ကောင်စီက Mi 35 ရဟတ်ယာဉ်ဖြင့် ဝေဟင်မှပစ်ခတ်တိုက်ခိုက်ကာ Mi17 နှစ်စီးဖြင့် တပ်စခန်းအနီး အင်အား ၆၀ ခန့်အား ချခဲ့သည်ဟု ဆိုသည်။
“ဒီနေ့မနက် ၉ နာရီဝန်းကျင်လောက်မှာ ဖြစ်သွားတာဗျာ့။ Mi35 နဲ့ အရင်ပစ်တယ်။ ပြီးတော့ စခန်းနဲ့ မီတာ ၁၀၀၊ ၁၅၀ လောက်မှာ လူချပြီး တခါတည်းထိုးဝင်တာ”ဟု M7 PDF ခေါင်းဆောင် ကိုမင်းအောင်က MPA သို့ ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် M4 တစ်လက်၊ AK တစ်လက်၊ လက်လုပ်များဖြစ်သော ၆၀၊ ၈၀၊ ၁၂၀ နှင့် မိုင်းများ၊ စခန်းရှိ ဖုန်းများနှင့် စားနပ်ရိက္ခာ၊ စောင်နှင့် အဝတ်အစားများ အားလုံး ဆုံးရှုံးလိုက်ရသည်ဟု ဆိုသည်။
“ရဲဘော် ၄ ယောက်က လေယာဥ်နဲ့ ပစ်တော့ ထိသွားတယ်။ ရဲဘော် ၂ ယောက်က အဲ့ဒီရဲဘော် ၄ ယောက်ကို စောင့်နေတုန်းမှာ ***တွေ (စစ်ကောင်စီ) ဘက်က လူချပြီး ထိုးပစ်ပစ်တော့ အဆက်အသွယ်ပြတ်သွားတာ။ အဲ့ဒီ ရဲဘော် ၆ ယောက်ကိုတော့ လက်လွှတ်ရပြီ ထင်ပါတယ်” ဟု ကိုမင်းအောင်က ရှင်းပြသည်။
စစ်ကောင်စီလေယာဥ်များသည် ပုံမှန်အားဖြင့် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ဖြင့် ပါလာသမျှ ကျည်အကုန်ဖြုန်းသွားတတ်သော်လည်း ယခုတိုက်ခိုက်မှုမှာ ၄၅ မိနစ် ၁ နာရီခန့် ကြာမြင့်သည်ဟု ၎င်းက ပြောသည်။
အဆိုပါတပ်စခန်းနှစ်ခုတွင် တပ်စခန်းတစ်ခုလျှင် အင်အား၇၀ ဝန်းကျင်ရှိသည်ဟု သိရသည်။
“ကျနော်တို့က မြောက်ဘက်က ၁၀ မိုင် ၁၅ မိုင်လောက်မှာ ရောက်နေတဲ့ စစ်ကြောင်းရှိတော့ ပွဲသွားကနေကြတာဗျ။ များသောအားဖြင့် ခွဲ (၁) ကိုပဲ လူရောချပြီး ဖိပစ်သွားတာ။ ခွဲ (၁) က တိုက်ခိုက်ရေးသွားနေတာက ၁၅ ယောက်လောက်ရှိတော့ ၆၀ လောက်ကျန်ခဲ့တယ်။ ခွဲ (၂) ကိုတော့ ပစ်ပဲပစ်သွားတာဗျ ခွဲ (၂) က လူအင်အား ၇၀ ဝန်းကျင်ရှိမယ်”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်အချို့ အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးနေပြီး တပ်ရင်းအနေဖြင့် များစွာ ဆုံးရှုံးရသည်ဟုဆိုသည်။
“ဒလန်သတင်းပေးကြောင့်လို့ သိရတယ်ဗျ။ စစ်ကောင်စီကလည်း အဲ့ဒီဘက်ကို ပျူစောထီးရွာ လုပ်ချင်နေတာထင်တယ်”ဟု ယင်းဒေသခံပြည်သူတစ်ဦးက MPA သို့ ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ အမှတ်မထင် ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် မိမိတို့ဘက်က လက်နက်အင်အားမမျှသည့်အတွက် အသာစီးမရယူနိုင်သော်လည်း တိုင်းရင်းသား မိဘပြည်သူများ မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီရသည်အထိ အသက်သွေးချွေးပေးဆပ်ပြီး တိုက်ပွဲဝင်သွားမည်ဟု ကိုမင်းအောင်က ဆက်လက် အသိပေးသည်။