တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်သဖြင့် ကလေးငယ်၃ဦးအပါအဝင် ပြည်သူ ၈ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့နံနက် ၁၀နာရီခန့်တွင် ပုလောမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပုလောမြို့နယ်၊ဝက်တိုးရွာထဲသို့ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ဝက်တိုးရွာသားတစ်ဦးကပြောသည်။
“ မနက် ၁၀နာရီလောက်က ကျတာ။တစ်လုံးတည်းမဟုတ်ဘူး။အသံကအကျယ်ကြီးပဲ။လေးခါလောက်ကျတယ်။ကျွန်တော်ကတော့ ပထမတစ်ကြိမ်စကျကတည်းက တောင်ယာထဲဝင်ပြေးတော့တာ။ရွာသားတွေထိတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်သည်တမိုင်တောင်ရွာမှ လက်နက်ကြီးပစ်ခတ်ခြင်းဖြစ်ပြီး ကလေးငယ်၃ဦးအပါအဝင် ရွာသား ၈ဦးထိခိုက်ဒဏ်ရာရရကြောင်း ပုလောအခြေစိုက် ပူရိယက္ခညီနောင်စစ်ကြောင်းတာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
“ တမိုင်တောင်ကနေ တမင်ပစ်တာ။ကလေး ၃ဦးထဲက တစ်ဦးကတော့ ဒဏ်ရာတော်တော်ပြင်းတယ်။ရွာသူနှစ်ဦး၊လူငယ်အမျိုးသားတစ်ဦးနဲ့ လူကြီး နှစ်ဦးထိတယ်။ဆေးရုံရောက်နေကြပါပြီ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ပုလောအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များအား တိုက်ခိုက်ခြင်းမပြုဘဲ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ရော်ဘာတောများမီးရှို့ခြင်းနှင့် ရွာထဲသို့ လက်နက်ကြီးများ ရည်ရွယ်ချက်ရှိရှိပစ်ထည့်ခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။