စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် မီးရှို့ခံရသောကျေးရွာမှ ပြည်သူများအား အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဧပြီလ ၄ ရက်နေ့တွင် ခေါက်ဆွဲကြော် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မီးရှိ့ခံရသည့် ကျေးရွာမှ အိမ်ထောင်စု ၁၂၈ စု၊ လူဦးရေ ၆၀၀ အတွက် ခေါက်ဆွဲဘူး ၆၀၀ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကျနော်တို့အနေနဲ့ အိမ်ထောင်စု ၁၂၈ စု လူဦးရေ ၆၀၀ အတွက် ဘူးရေ ၆၀၀ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ Mi Mi Lay Lin Family(Australia ) ရဲ့ကူညီမှုနဲ့လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျနော်တို့အညာပစ်တိုင်းထောင်လေးများအနေနဲ့လည်း နောက်ထပ် လှူဒါန်းနိုင်ဖို့ကြိုးစားနေပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝန်းတွင် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းတွင် နေအိမ်ပေါင်း ၄,၇၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data For Myanmar ၏ စစ်တမ်းကောက်ယူဖော်ပြထားချက်အရ သိရှိရသည်။