စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ရှေ့တန်းတစ်နေရာတွင် ကျဆုံးသွားသည့် ကိုချစ်ဝေယံဖြိုးကို ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) က သူရဲကောင်းအဖြစ်မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ယနေ့ထုတ်ပြန်လိုက်သည်။
ယနေ့နံနက်ပိုင်းက မှိုင်းထောင်ရင်း မတော်တဆပေါက်ကွဲမှုဖြစ်ကာ ကျဆုံးသွားသည့် ကိုချစ်ဝေယံဖြိုးသည် ထားဝယ်နိုင်ငံရေးအကျဥ်းသားဟောင်း တစ်ဦးဖြစ်ပြီး ကန့်ဘလူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုတွင် ခေါင်းဆောင်ပိုင်းတာဝန်ယူထားသူလည်း ဖြစ်ကြောင်း ကျဆုံးရဲဘော်နှင့် နီးစပ်သူတစ်ဦး ကပြောသည်။
“ ဒီနေ့မနက်က ကျသွားတာပါ။ သူက ထောင်ကလွတ်ကတည်းက အဲ့ဘက်ရောက်နေတာပါ။ မနက် စစ်ခွေးတွေ စစ်ကြောင်းထိုးလာတာကို တိုက်ခိုက်ဖို့ မိုင်းထောင်ရင်း မတော်တဆပေါက်ကွဲပြီး ကျသွားတာပါ။ကျဆုံးတဲ့အချိန်မှာ ၂၄နှစ်ရှိပါပြီ” ဟု ၎င်း ကပြောသည်။
ကိုချစ်ဝေယံဖြိုးသည် ထားဝယ်ထောင်မှ လွတ်မြောက်ပြီးနောက် မြောက်ပိုင်း ERO အဖွဲ့တစ်ခုတွင် စစ်သင်တန်းတက်ရောက်ကာ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို ယနေ့နံနက် မကျဆုံးမီအချိန်ထိ တော်လှန်တိုက်ခိုက်ခဲ့သူလည်းဖြစ်ကြောင်း သိရသည်။ အထက်ပါကျဆုံးမှုနှင့်ပတ်သက်ပြီး ထားဝယ်မြို့အခြေစိုက် တက်ကြွလှုပ်ရှားလူငယ်ခေါင်းဆောင်တစ်ဦးက “ နေရာတိုင်းမှာ တော်လှန်ရေးအတွက်အသက်ကိုပေးဆပ်သွားသူတွေရှိပါတယ်။သူ့ကိုကျ ကျွန်တော်တို့ရဲ့ မြို့သားဖြစ်တဲ့အပြင် ဒီကလူငယ်တွေ မမေ့သင့်ဘူးလို့ မှတ်ယူရမယ့်လူဖြစ်လို့ အာဇာနည်သူရဲကောင်းအဖြစ်သတ်မှတ်တာလို့ကျွန်တော်ထင်တယ်။ကျဆုံးမှုအတွက် ဝမ်းနည်းရသလို ဂုဏ်လည်းယူပါတယ်” ဟု မှတ်ချက်ပေးသည်။
ကျဆုံးရဲဘော်သည် ၂၀၂၁ခုနှစ်၊မေလအတွင်းက ထားဝယ်မြို့ပေါ်ပြောက်ကျားသပိတ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့်အတွက် စစ်ကောင်စီက ၅၀၅-က၊ ၅၀၅-ဂ၊ ပုဒ်မ ၁၄၅ တို့နှင့်တရားစွဲခံရကာ ထားဝယ်အကျဉ်းထောင်၌ ထောင်ဒဏ် ၆လ ကျခဲ့သူဖြစ်ကြောင်း DPPN ကထုတ်ပြန်ထားသည်။