မကွေးတိုင်း၊ ပခုက္ကူမှ ထွက်ခွာလာသော ၃၂ စီးပါ စစ်ကောင်စီယာဥ်တန်းသည် ဧပြီ၊ ၁ ရက်နေ့က ဂန့်ဂေါမြို့သို့ ရောက်ရှိပြီးနောက် ရှေ့ပြေးကင်း၊ အရန်ကင်း အများအပြားဖြင့် တပ်ဖြန့်၍ ကင်းပုန်းများချကာ ရွေ့လျားခဲ့ကြောင်း ယောအလင်းတန်း၏ တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။
“ပခုက္ကူကနေ ထွက်လာတဲ့ ယာဥ်တန်းပါ၊ မတ်လ ၁၅ ရက်နေ့၊ နေ့လယ် ၁၂ နာရီလောက်က ထီးလင်းကနေ ဂန့်ဂေါကို ပြန်ထွက်လာတယ်။ မတ်လ ၃၁ ရက်နေ့မှာ ပျားရွာကို ရောက်ပြီး အဲ့ရွာမှာ ကြက်တွေခိုးသတ်စားပြီး ဂန့်ဂေါက လာအကြိုကို စောင့်နေတာ”ဟု ၎င်းက ဆို သည်။
ထီးလင်းမြို့နှင့် ဂန့်ဂေါမြို့သည် ပုံမှန်အားဖြင့် ၃ နာရီခရီး အကွာအဝေးသာရှိသော်လည်း ထို စစ်ကောင်စီယာဥ်တန်းသည် ၁၇ ရက်ကြာ အချိန်ယူ၍ ရှေ့ပြေးကင်း၊ အရန်ကင်း အများအပြားဖြင့် တဖြည်းဖြည်းသာ ရွေ့လျားလာခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။
အဆိုပါ ပျားရွာသို့ရောက်နေသည့် စစ်ကောင်စီယာဥ်တန်းအား ဧပြီ ၁ ရက်နေ့တွင် ဂန့်ဂေါမြို့၊ ခလရ – ၅၀မှ စစ်ကား ၅ စီးဖြင့် မြို့အဝင် လောင်ထောင်ဂိတ်အထိ သွားကြိုခဲ့ပြီး ရှေ့ကင်း၊ အရန်ကင်း၊ နောက်ချန်ကင်းများဖြင့် ဂန့်ဂေါမြို့သို့ ဝင်ရောက်လာခဲ့သည်ဟု စုံစမ်းသိရှိရသည်။
“ဘယ်ဘက်သွားမယ် မသိသေးဘူး၊ ၂ ရက်နေ့ကတည်းက မြို့ထဲမှာ တပ်တွေဖြန့်ပြီး ကင်းပုန်းတွေချထားတယ်” ဟု ဂန့်ဂေါမြို့နေ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ဂန့်ဂေါမြို့၊ ခလရ- ၅၀ တွင် ရပ်နားထားပြီး မတ်လ၊ ၃ ရက်နေ့ကတည်းက မြစ်သာမြစ်အနောက်ဘက် ကျေးရွာများသို့ ရှေ့ပြေးကင်း၊ အရံကင်းများအဖြစ် အင်အားအများအပြား တပ်ဖြန့်နေရာယူထားသည်ဟု ဆိုသည်။
“ခလရ – ၅၀ ကနေ မနေ့က စစ်ကြောင်းနှစ်ကြောင်း ထွက်တယ်။ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၁၀၀ ကျော် ၁၀၀ နီးပါး ရှိတယ်။ တစ်ကြောင်းက အနောက် ဂန့်ဂေါကနေ လုံဟောရွာဘက်တက်တယ်။ တစ်ကြောင်းက စိုင်ဒူးရွာဘက်ကို တက်တယ်လို့ သိရတယ်။ ဒီကောင်တွေက စစ်ကြောင်းထွက်မယ့် ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ထုပြီး လမ်းရှင်းပေးနေတာ” ယောအလင်း၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
အဆိုပါ စစ်ကြောင်းနှစ်ကြောင်းသည် ဂန့်ဂေါမြို့ ခလရ- ၅၀ နှင့် ယာဥ်တန်းနှင့်အတူပါလာသည့် တပ်မ – ၇၇ တို့ဖြစ်ပြီး ရှေ့ပြေးကင်း၊ အရန်ကင်းများ ယူပေးနေခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
ယနေ့နံနက်တွင် ခလရ- ၅၀ မှ စစ်ကြောင်းသည် ယမန်နေ့က လုံဟောရွာတွင် ညအိပ်ခဲ့ကာ ရွာဘုန်းကြီးကျောင်းတွင် ရှိနေသေးကြောင်းသိရပြီး တပ်မ- ၇၇ စစ်ကြောင်းမှာ စိုင်ဒူးရွာအနောက်ဘက် အုံ့တုံးတောင်ပေါ်သို့ ရောက်ရှိသွားပြီဟု သိရှိရသည်။
(၃၂) စီးပါ စစ်ကောင်စီယာဥ်တန်းသည် ယနေ့အထိ ထွက်ခွာခြင်းမရှိသေးဘဲ မည်သည့်နေရာသို့ ထွက်ခွာမည်ကို မသိရသေး၍ မြစ်သာမြစ် အနောက်ဘက်ကမ်းရွာများမှ ပြည်သူများအနေဖြင့် သတိဝီရိယရှိကြရန် ယောအလင်းတန်းမှ သတင်းထုတ်ပြန်ထားသည်။