မကွေးတိုင်း၊ ရေစကြိုမြို့နယ် မအူရဲစခန်းအား ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဧပြီလ၊ ၃ ရက်နေ့ နံနက် (၅) နာရီ၌ ၀င်ရောက် တိုက်ခိုက်ရာ စခန်းမှူးမြင့်ကျော် အပါအ၀င် စစ်သား (၇) ဦး သေဆုံးကြောင်း ရေစကြို ပကဖ တာ၀န်ခံ ရဲဘော်ဝေကြီးက MPA သို့ ပြောကြားသည်။
ယင်းနေ့ နံနက် (၈) နာရီ ၀န်းကျင်၌ စခန်းအား စီးနင်းနိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ Mi 35 ရဟတ်ယာဉ်အသုံးပြုကာ လေကြောင်းဖြင့် အချိန်တစ်နာရီခန့် လာရောက်ပစ်ခတ်သောကြောင့် စခန်းမှ ဆုတ်ခွာပေးခဲ့ရသည်ဟုလည်း စုံစမ်းသိရှိရသည်။
ထိုတိုက်ပွဲတွင် G 3 တစ်လက်၊ Anti Drone Gun တစ်လက်၊ ဗုံးသီး ၁၀ လုံးနှင့် စခန်းမှူး တံဆိပ်တုန်း အပါအ၀င် စာရွက်စာတမ်းများ သိမ်းဆည်း ရရှိခဲ့သည်ဟု ဆိုသည်။
ထို့အပြင် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ပုံကိုလည်း ရဲဘော်ဝေကြီးက” ဇီးတောက ထွက်ခွာလာတဲ့ စစ်ကူ (၃၀) လောက် မိုင်းအလုံး ၂၀ ပါ ပဒေသာမိုင်း မိုင်းဆွဲ တိုက်ခိုက်တာ စစ်ကောင်စီတပ်သား (၁၇) ယောက် ထပ်မံ သေဆုံးတယ်။ ကျနော်တို့ဘက်က ရဲဘော်နှစ်ယောက် (မစိုးရိမ်ရ) ဒဏ်ရာ အနည်းငယ်စီ ရခဲ့ပါတယ်” ဟု ဆက်လက်ပြောပြသည်။
စစ်ဆင်ရေးများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ)၊ Salingyi Special Tesk Force (SSTF)၊ မြိုင် ပ.ကဖ တပ်ရင်း ( ၂) နှင့် Myanmar Royal Dragon Army (MRDA) မဟာမိတ်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ အဓိက ကတော့ဗျာ ကျွန်တော်တို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်နိုင်ရင် ဒီထက် ပိုပြီး အောင်မြင်မှုတွေ အမြန်ရလာမှာ ယုံကြည်ပါတယ်” ဟု ရဲဘော်ဝေကြီးက အသိပေးသည်။
ရေစကြိုတွင် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီမှ ရေစကြို ပကဖ စခန်းငယ် တစ်ခုအား ၀င်ရောက်စီးနင်းတိုက်ခိုက်သည့် ဖြစ်စဉ်ပြီးနောက် စစ်ရေးတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိသည်။