ကရင်ပြည်နယ်၊ မြဝတီမြို့သို့ အဝင်အထွက်ပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို အထိနာအောင်တိုက်ခိုက်လျက်ရှိကြောင်း ကော်ဘရာစစ်ကြောင်း တပ်ခွဲမှူး ကိုရှိုင်းကပြောသည်။ “ မြို့တွင်းတိုက်ပွဲတွေကျတော့ သူပစ်ကိုပစ်နဲ့ ပြည်သူတွေထိခိုက်နိုင်တယ်။အဲ့ဒါကြောင့်မို့ သူတို့ အဝင်အထွက်ပြုလုပ်တဲ့ လမ်းကြောင်းတွေကို အထိနာအောင်တိုက်ခိုက်နေတာပါ” ဟု ၎င်းကပြောသည်။
ဧပြီလ ၃ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်မှ စစ်ကောင်စီတပ်သား ၄၀ပါ ဖောကားတစ်စီး သင်္ဃန်းညီနောင် ရဲစခန်းဘက်သို့ မောင်းနှင်လာစဉ် ကော်ဘရာစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုရှိုင်းကပြောသည်။
“ မနေ့က ကုန်သွယ်ရေးဇုန်ကထွက်လာတဲ့ Fawကားကို သင်္ဃန်းညီနောင်ကနေစောင့်ပြီး ခါးလည်ကနေ တိုက်ခိုက်တာပေါ့။ကားမောင်းတဲ့သူက မသေသွားဘဲ အသည်းအသန်မောင်းပြေးသွားတယ်။နောက်က ပါတဲ့သူတွေကတော့ ပွဲချင်းပြီး ပုံနေတာပဲ။ကျွန်တော်တို့ဘက်က စက်လတ်နဲ့ ပစ်တာပါ” ဟု ၎င်းက ပြောသည်။
ပစ်ခတ်မှုအပြီးတွင် သင်္ဃန်းညီနောင်ရဲစခန်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကော်ဘရာစစ်ကြောင်းတို့ နာရီဝက်ခန့်ကြာ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သေးသည်။
“ စခန်းတော့ မသိမ်းနိုင်ခဲ့ပါဘူး။သူတို့ဘက်က သေဆုံးစာရင်းတော့ မသိရပါဘူး။အကျအဆုံးတော့ ရှိပါတယ်။အထဲဝင်မကြည့်နိုင်လို့မသိခဲ့ရဘူး။ကျွန်တော်တို့ဘက်က တစ်ယောက်မှ ကျဆုံးတာမရှိပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
စစ်သားများသေဆုံးမှုနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။