ပဲခူးတိုင်း၊ပေါင်းတည်နှင့်နတ်တလင်းမြို့တွင် စစ်ကောင်စီ ပြုလုပ်မည့် သင်္ကြန်အတွက် လုပ်ငန်းရှင်များနှင့် တရားမဝင်စီးပွားရေးသမားများထံ အဓမ္မငွေ ကောက်ခံနေကြောင်း သိရသည်။
ပေါင်းတည်နှင့် နတ်တလင်းမြို့ရှိ သစ်မှောင်ခို၊ လောင်းကစားဒိုင်၊စားသောက်ဆိုင်များနှင့် အခြားသောလုပ်ငန်းရှင် များ ထံ သင်္ကြန်မဏ္ဏပ်ဆောက်လုပ်ရန်နှင့် အထွေထွေကုန်ကျစရိတ်အတွက်ဟုဆိုကာ ငွေ ကောက်ခံနေသလို မဲလက်မှတ်လည်းရောင်းချနေ ကြောင်း ဒေသခံတို့ထံက သိရသည်။
“အစ်ကိုတို့မြို့မှာတော့ နှလုံး၊ချဲ၊ဘောလုံး ရောင်းတဲ့သူတွေ ဒိုင်ကြီးရင် ကြီးသလို တစ်သိန်း၊ငါးသောင်း၊သုံးသောင်း ပေးရတယ်။အသေးဆုံးရပ်ကွက်ထဲလှည့်ပြီး ၂ လုံးရောင်းသူတောင် ၅၀၀၀ ပေးရတယ်။ပြည်သူတွေကို ရောင်းချတာမျိုးတော့ အစ်ကိုတို့ရပ်ကွက်ထဲတော့ မကြားမိဘူး”ဟု နတ်တလင်းမြို့နယ် ဒေသခံတစ်ဦးကပြောသည်။
မဲလက်မှတ်များကို မြို့နယ်ထွေအုပ်၊ရဲနှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံရောင်းချနေခြင်းဖြစ်သည်။
“မဲဖောက်ပေးမယ်ဆိုပြီး ရောင်းနေတာ။လုပ်ငန်းရှင်တွေကိုလည်းရောင်းတယ်။သစ်သူခိုးတွေ ၂လုံး၃ လုံးရောင်းတဲ့သူတွေကို အဓိက ရောင်းတယ်။အရက်ဆိုင်တွေကိုလည်းရောင်းတယ်။ထောင်ဝင်စာပို့တဲ့မိသားစုတွေလည်း မဲဝယ်ရတယ်။လူစည်ကားဖို့နဲ့သင်္ကြန်တွင်း ဒီကောင်တွေ အရက်ဖိုးနေမှာပေါ့”ဟုပေါင်းတည်မြို့ပေါ်နေပြည်သူ တစ်ဦးကပြောသည်။
ဆိုင်ကယ်၊အဲကိုလာ၊ပန်ကာ စသည့်ပစ္စည်း များ မဲဖောက်ပေးမည်ဟုဆိုကာ မဲလက်မှတ် တစ်စောင် ကို ငွေကျပ် ၅၀၀၀ ဖြင့် ပေါင်းတည်မြို့ရှိ စစ်ကောင်စီကို မလွန်ဆန်နိုင်သော လုပ်ငန်းများအား လိုက် လံရောင်းချနေကြောင်း ၎င်းကပြောသည်။
ပေါင်းတည်မြို့နယ်၊စျေး(၁)ရပ်ကွက်၊ ဘုရားကြီးလမ်းနှင့် နတ်တလင်းမြို့နယ်၊ဇီးကုန်းလေးရပ်ကွက် ရန်ကုန်-ပြည် ကားလမ်းမပေါ်တွင် သင်္ကြန်မဏ္ဏပ်တို့ကို တည်ဆောက်လျက်ရှိသည်။
ပေါင်းတည်မြို့တွင် သစ်မှောင်ခိုသမားပေါပြီး နတ်တလင်းမြို့၌ လောင်းကစားဒိုင် များကြောင်း သိရသည်။