တနင်္သာရီတိုင်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြိတ်-ဘုတ်ပြင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ရက်အကန့်အသတ်မရှိပိတ်လိုက်ကြောင်း မြိတ်ခရိုင် တပ်ရင်း ၂ က ယနေ့ထုတ်ပြန်လိုက်သည်။
ယနေ့( ဧပြီလ ၃ရက်နေ့) နံနက်ပိုင်းမှစတင်ကာ မြိတ်မြို့နယ်၊ ကြေးနန်းတိုင် တံတားမှစပြီး ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိ မြိတ်-ဘုတ်ပြင်းလမ်းပိုင်းပေါ် ခရီးသွားလာခြင်းနှင့် ထုံခါ- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းသွားလာခြင်းတို့ကို စတင်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၂က ထုတ်ပြန်ထားသည်။
“ ဒီနေ့စပိတ်တာပါဘယ်အချိန်ထိလဲဆိုတော့ အကန့်အသတ်မရှိဘူး။အခုက တိုက်ပွဲတွေအရမ်းဖြစ်နေလို့ တိုက်ပွဲတွေငြိမ်သွားမှ ပြန်ဖွင့်ပေးမယ်နဲ့တူတယ်” ဟု တနင်္သာရီမြို့နယ်အခြေစိုက် PDFရဲဘော်တစ်ဦးက ပြောသည်။
ဧပြီလ ၁ရက်နေ့၊ ည ၇နာရီခွဲခန့်က မြိတ်မြို့မှ ကော့သောင်းဘက်သို့ မောင်းနှင်လာသည့် မြတ်မန္တလာထွန်းခရီးသည်တင်ယာဥ် တနင်္သာရီမြို့ပြင်ရှိ လယ်တောင်ယာရွာနဲ့ တမုတ်ချုံးရွာကြားအရောက် ပစ်ခတ်ခံရပြီး ၆နှစ်အရွယ်ကလေးနှင့် အမျိုးသမီးတစ်ဦး ကျည်ထိသေဆုံးကာ ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ဖြစ်ပေါ်ပြီးနောက် ယခုလိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့လည်း မှားယွင်းပစ်ခတ်မိတဲ့အတွက် အများကြီးဝမ်းနည်းရတယ်။တိုက်ပွဲကတိုက်နေရဦးမှာဆိုတော့ ပြည်သူတွေမထိခိုက်ဖို့ အခုလိုလုပ်လိုက်တာပါ။ဒါမှလည်း နောက်ဆံမတင်းရဘဲ စစ်တပ်ကို တိုက်နိုင်မှာ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် မြိတ်နှင့် ဘုတ်ပြင်းကြားရှိ တနင်္သာရီမြို့နယ်တွင် စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများရက်ဆက်ဖြစ်လာနိုင်ကြောင်း MPAကစုံစမ်းသိရသည်။