ရန်ကုန်မြို့လယ်ခေါင်တွင်ဖွင့်လှစ်ထားသော ဖုန်းအရောင်းဆိုင်ကို သေနတ်ပြ အကြမ်းဖက် ကာ ဖုန်းအလုံး၄၀နှင့် ကျပ်သိန်း၅၀ လုယက်သွားမှု ယနေ့ဖြစ်ပွားခဲ့သည်။
ယနေ့နံနက် ၁၁နာရီခန့်က ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၊ လမ်း ၄၀ (အလယ်ဘလောက်)၊အမှတ် ၂၀၁ ပထမထပ်တွင် ဖွင့်လှစ်ထားသည့် Kaung Lay Mobile တစ်ပတ်ရစ်ဖုန်းအရောင်း ဆိုင်ကို သေနတ်နှင့် ဓားကိုင်ဆောင်ထားသည့် အမည်မသိလူငယ် ၃ဦးရောက်ရှိလာပြီး ဆိုင်ရှင်အမျိုးသားနှင့် ဆိုင်ဝန်ထမ်းအမျိုးသမီးတို့အား ပါးစပ်တိတ်ပိတ်ကြိုးတုပ်ကာ ပိုက်ဆံနှင့်ဖုန်းများ လုယက်သွားခြင်းဖြစ်ကြောင်း ၃၈လမ်းနေ ပြည်သူတစ်ဦးကပြောသည်။
“ နေ့လည် ၁၁လောက်ကဖြစ်တာ။ဆိုင်ရှင်တွေကို လက်ပြန်ကြိုးတုပ်ပြီး အော်မရအောင်ပါးစပ်ကိုတိတ်နဲ့ကပ်ပြီး အိပ်ခန်းထဲထည့်ပိတ်သွားတာ။သေနတ်အတိုတစ်လက်နဲ့ ဓားမြှောင်ပါလာတယ်ပြောတယ်။အသက်မသေအောင် ငြိမ်ခံလိုက်လို့ လူဘာမှ မဖြစ်သွားဘူး” ဟု ၎င်းကပြောသည်။
ယင်းသို့ လုယက်သွားပြီး တစ်နာရီခန့်အကြာမှ ဆိုင်ရှင်က ချည်ထားသောကြိုးကို ပြန်ဖြည်လိုက် နိုင်ကြောင်း သိရသည်။
“ဆိုင်ရှင်အမျိုးသားက လက်ပြန်ကြိုးတုပ်တာကို ဒီနေ့မနက်၁၂နာရီငါးမိနစ်လောက်မှာ ဖြည်နိုင်တာ။အဲ့တော့မှ ဓားပြတိုက်ခံရမှန်းသိတာ။တိုက်တဲ့ကောင်တွေ ပြန်ပြီး တစ်နာရီလောက်ကြာမှပေါ့။ရဲတော့တိုင်ထားပါတယ်” ဟု ယင်းဆိုင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ယင်းအကြမ်းဖက်လုယက်မှုနှင့်ပတ်သက်ပြီး ကျောက်တံတားမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားပြီး ယနေ့ညဦးပိုင်းအချိန်ထိ သံသယရှိသူများကို မမိသေးကြောင်း MPAကစုံစမ်းသိရသည်။