ကရင်နီပြည် (ကယားပြည်နယ်) တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘေးရှောင်များမှာ ဘေးလွတ်ရာသို့ တနေရာပြီးတစ်နေရာ ပြောင်းရွေ့နေရသည့်အတွက် စစ်ရှောင်စရာ နယ်မြေပိုမို ကျဉ်းမြောင်းလာနေပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ စုံစမ်းသိရသည်။
မတ်လ တလလုံး ဗုံးလာကျဲလိုက်၊ လက်နက်ကြီးနဲ့ ပစ်လိုက် လုပ်နေတဲ့ နေရာတွေက ပိုပြီး များလာတယ်။ အခု ကျနော်တို့ ဒေသခံတွေ ဘယ်ကို ပြေးရတော့မလဲ။ ဘေးလွတ်ရာ ပြေးဖို့ မြေနေရာတောင် မရှိတော့ဘူး။ ဟု စစ်ဘေးရှောင် ဒေသခံတစ်ဦးက MPA ကို အတည်ပြုပြောကြားသည်။
ပြီးခဲ့သည့် မတ်လဆန်းမှ စတင်ကာ အကြမ်းဖက် စစ်ကောင်စီဘက်မှ စစ်ကြောင်း ၁၂ ကြောင်း အင်အားနှစ်ထောင်ဝန်းကျင်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် အပြင် မြို့နယ် အသီးသီးရှိ အထိုင်တပ်များမှလည်း လက်နက်ကြီးများ ပစ်ခတ်မှုများ များစွာ လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီ၏ မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်မှုများနှင့် တိုက်ပွဲ ပြင်းထန်လာမှုများကြောင့် ကရင်နီပြည်တွင် စစ်ဘေးရှောင် နှစ်သိန်းခွဲဝန်းကျင်အထိ တိုးလာနေပြီး စစ်ဘေးရှောင်များအတွက် လုံခြုံစိတ်ချရသည့်နေရာ၊ ဆေးဝါး၊ အစားအသောက်များနှင့် အမိုးအကာများမှာ အရေးပေါ်လိုအပ်နေကြောင်း၊ စစ်ရှောင်စခန်းများတွင် အာဟာရ လုံလောက်စွာ မရရှိမှု၊ ဆေးဝါးပြတ်လပ်မှုများကြောင့် မတ်လ တလအတွင်းမှာတင် သေဆုံးသူ ၇ ဦးအထိ ရှိလာကြောင်း စုံစမ်းသိရသည်။
“ ကရင်နီပြည်မှာ အရပ်သားပြည်သူတွေ အသက်ဆုံးရံှုးနေတာတွေအတွက် ဘယ်နိုင်ငံတကာအဖွဲ့တွေကမှ လာမကူညီပေးသေးဘူး။ အရေးပေါ် လိုအပ်တဲ့ အခြေခံပစ္စည်းတွေလည်း မရဖူးဘူး။ အခုက စားနပ်ရိက္ခာသယ်တဲ့ လမ်းကြောင်းတွေကလည်း တအားကျပ်လာတယ်။” ဟု ပရဟိတ ကူညီပေးနေတဲ့ အဖွဲ့တခုက အဖွဲ့ဝင်တဦးက ပြောကြားသည်။
ကရင်ပြည်နယ်အတွင်း ကုန်စည်များ စီးဆင်းရာ အဓိကလမ်းကြောင်းများကို အကြမ်းဖက် စစ်ကောင်စီနှင့် PNO အဖွဲ့တို့မှ စစ်ဆေး၊ ပိတ်ဆို့မှုတွေ လုပ်ဆောင်နေကြောင်း၊ ဆန်အိတ် သယ်ဆောင်ရာတွင်လည်း အရေအတွက် အနည်းငယ်သာ သယ်ဆောင်ခွင့်ပေးကာ တအိတ်လျှင် ငွေကျပ် ၃၀၀၀ ကောက်ခံမှု ရှိနေကြောင်း ဒေသခံတစ်ဦးက MPA အသိပေးပြောကြားသည်။
“ ကလောနဲ့ အောင်ပန်းကြားမှာ လွိုင်ကော် လမ်းခွဲရှိတယ် အဲ့ဒီဂိတ်က ပင်လောင်းမှာ ဆန်ဆိုင်ဖွင့်ထားတဲ့ သူကို တောင် ဆန်သယ်ဆောင်ခွင့် မပေးဘူး” ဟု ဒေသခံ ကားသမားတစ်ဦးက ဆိုသည်။
ပြည်တွင်းက စားနပ်ရိက္ခာ သယ်ဆောင်ရာလမ်းကြောင်းများကို ပိတ်ဆို့ခံထားရသည့်အပြင် မြန်မာ- ထိုင်းနယ်စပ်မှ ရိက္ခာ သယ်ယူရာ လမ်းကြောင်းများကိုလည်း ထိုင်းအစိုးရဘက်ကလည်း ပိတ်ထားကြောင်း သိရသည်။ ကရင်နီပြည်တွင် လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်ခံရမှှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ ဆေးဝါးမလုံလောက်မှုများကြောင့် အရပ်သားနှင့် စစ်ဘေးရှောင် ပြည်သူ ၄၄၇ ဦး အသက်သေဆုံးခဲ့ရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တခုမှ သိရသည်။
ယင်းအဖွဲ့အစည်း၏ စာရင်းများ အရ အကြမ်းဖက် စစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း အရပ်သားပြည်သူများ သတ်ဖြတ်ခံရသူ စုစုပေါင်း ၃၁၃ ဦး ရှိခဲ့ပြီး စစ်ရှောင်ရင်း သေဆုံးသူ ၁၃၄ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။