တိုက်ပွဲများနှင့်ပတ်သက်ပြီး မကြာမီ သတင်းကောင်းထပ်မံကြားရမည်ဟု ကော်ဘရာစစ်ကြောင်းမှ ရဲဘော် ကိုရှိုင်းကပြောသည်။
ကော်ဘရာစစ်ကြောင်းအနေဖြင့် လက်ရှိတွင် တိုက်ပွဲငြိမ်နေခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ အနည်းငယ်ရှိနေကြောင်း ကိုရှိုင်းကပြောသည်။
“ အခုက ၂၅ရက်နေ့ပွဲကပြီးလို့ နောက်တစ်ပွဲကဖို့ ပြင်ဆင်နေတာပါ” ဟု ၎င်းကပြောသည်။မတ်လ ၂၅ရက်နေ့က ကရင်ပြည်နယ်၊ မြ၀တီ ကုန်သွယ်ရေးဇုန်ကို လူအင်အား ၂၀ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၁) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့ကာ သေနတ် ၁၆လက်သိမ်းဆည်းရရှိခဲ့သည်။
” မကြာခင်သတင်းကောင်းတွေကြားရမှာပါ။ငြိမ်နေတယ်လို့တော့မဟုတ်ပါဘူး” ဟု၎င်းက ဆက်လက် ပြောသည်။ တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေနှင့် မတ်လ ၂၅ရက်နေ့ကစပြီး ကျုံဒိုးနှင့် မြဝတီမြို့နယ်ကြား မည်သည့်နည်းနှင့်မျှ ဖြတ်သန်းသွားလာခြင်းမပြုရန် ကျားဖြူစစ်ကြောင်း မှူး ဗိုလ်ကျော်သက်က မေတ္တာရပ်ခံထားသည်။