မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာမှ စစ်ကြောင်းထိုးထွက်ခွာလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ပစ်ခတ်မှုများကြောင့် နှမ်းဆီကန်ကျေးရွာရှိ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး မတ်လ၊ ၃၀ ရက်နေ့က ကျည်ထိမှန်သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။
“သူတို့က ရွာနဲ့ ယာခင်းသုံးခင်းလောက် အကွာကတည်းက သေနတ်တွေပစ်ဖောက်ပြီး ဇွတ်ဝင်လာတာဗျ။ အဲ့ဒီတော့မှ ရွာသားတွေလည်း ထွက်ပြေးရတာ တချို့တော့လည်း လွတ်သွားတယ်။ အခုဖြစ်သွားတဲ့ကလေးလေးက သူ့အဖေနောက်မှာ ကျောပိုးပြီးပြေးရင်း အနောက်ကိုလှည့်ကြည့်လိုက်တုန်းမှာ ထိသွားတယ် ထင်ပါတယ်။ ဘယ်ဘက်မျက်ခုံးအောက်ကနေ ကျည်က ဖောက်ဝင်သွားတာ”ဟု နှမ်းဆီကန်ကျေးရွာသား တစ်ဦးက ပြောသည်။
သရက်ကန်ပျူစောထီးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရိက္ခာပြတ်လပ်၍ ရိက္ခာလာသယ်ခြင်းဖြစ်ကြောင်းသိရပြီး ကာကွယ်ရေးတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုလိုရွာအတွင်း သေနတ်ဖောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြိုင်ပြည်သူ့ကာကွယ်ရေး (ဂဠုန်တပ်ဖွဲ့) ခေါင်းဆောင် အကိုလေးထံမှ စုံစမ်းသိရှိရသည်။
“မနက် ၉ နာရီခွဲလောက်မှာ သူတို့ဝင်လာတာပါ။ အခုဖြစ်သွားတဲ့ ကလေးလေးက ၁၀ နာရီဝန်းကျင်လောက်မှာ ဖြစ်သွားခဲ့တာဗျ”ဟု ၎င်းက ဆိုသည်။
နှမ်းဆီကန်ရွာအတွင်းတွင် ပြည်သူဆယ်ဦးခန့်ကိုလည်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ပြန်လည်ထွက်ခွာသွားချိန်တွင် ပြန်၍လွှတ်ပေးခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။
“ညနေ ၄ နာရီဝန်းကျင်လောက်မှာ ပြန်ထွက်သွားတာဗျ။ ဆိုင်ကယ်နှစ်စီးတော့ ယူသွားပြီး တချို့ကို ရိုက်ချိုးဖျက်ဆီးသွားတယ်ဗျ၊။ ရွာထဲက ကောင်လေးတစ်ယောက်ဆို ဆိုင်ကယ်နဲ့ ဘက္ထရီအိုးတွေ လိုက်ပို့ခိုင်းတာ ခပ်လှမ်းလှမ်းရောက်တော့ ကောင်လေးက ဆိုင်ကယ်ရပ်ပြီး ထွက်ပြေးတာ သေနတ်နဲ့ လိုက်ပစ်ကြတယ်။ ဒါပေမဲ့ လွတ်သွားပါတယ်”ဟု နှမ်းဆီကန်ကျေးရွာသား တစ်ဦးက ဆက်ပြောသည်။
သေဆုံးသူ ကလေးငယ်၏ အမည်မှာ ပန်ပန်ဖြစ်ပြီး ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ရက်လည်ဆွမ်းသွပ်မည်ဖြစ်ကြောင်း MPA မှ စုံစမ်းသိရှိရသည်။