တော်လှန်ရေးမင်းသားကြီးဟု လူသိများသူ ထပ်ဆင့် အကယ်ဒမီ ဆုရှင် သီဟတင်စိုး နှလုံးရောဂါဖြင့် ယနေ့ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့၊နေ့ခင်း၁၂နာရီခန့်က ထပ်ဆင့် အကယ်ဒမီ ဆုရှင် သီဟတင်စိုး နှလုံးရောဂါဖောက်လာသည့်အတွက် မိသားစုဝင်များက သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ကုသရန်ပို့ဆောင်စဉ် လမ်းခုလတ်မှာတင် သေဆုံးသွားကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုသည်။
“ ဒီနေ့မနက် ၁၂ထိုးခါနီးလောက်က နှလုံးအောင့်တယ်အောင့်တယ်ဆိုပြီးပြောလို့ ဆေးရုံကို အမြန်ပို့တာ။ဆေးရုံမရောက်ခင်လေးမှာပဲ ဆုံးသွားတယ်” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
သီဟတင်စိုး သည် ‘ငရဲသား’ ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆု နှင့် အကောင်းဆုံး သရုပ်ဆောင်ဆုများကို ရရှိခဲ့သူ ဖြစ်သည်။
သိဟတင်စိုး ယနေ့ကွယ်လွန်သည့်အချိန်တွင် အသက် ၅၅နှစ်ရှိပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊မတ်လ ၁၁ရက်နေ့ကလည်း သီဟတင်စိုး ၏ ဇနီး အကယ်ဒမီ သရုပ်ဆောင် ဇင်မာဦး အဆုတ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးဖြစ်သည်။