မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လျက်ဆားပုလင်းဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေးက ထုတ်ပြန်သည်။
ချမ်းအေးသာဇံမြို့နယ်၊ ၆၂လမ်း၊ ၃၁လမ်း ၃၂လမ်းရှိ ပြည်ကြီးမျက်ရှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က လျက်ဆားပုလင်းဗုံးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ပစ်မှတ်စိတ်တိုင်းမကျသဖြင့် သေနတ်ဖြင့် ၂ချက် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ထုံးစံအတိုင်း ပစ်ခတ်ပြီးတော့ စစ်သားတွေ ရောက်လာတယ်။ ပေါက်ကွဲသံက အကျယ်ကြီးမဟုတ်ပေမဲ့ နည်းနည်းခပ်ကျယ်ကျယ်ကြားရတယ်။ မန္တလေးသားတွေက သေနတ်သံတို့ ပေါက်ကွဲသံတို့ ကြားတာနဲ့ အိမ်ထဲဝင်နေကြတယ်။စစ်သားတွေ ရမ်းပစ်လို့ ကျည်မှန်မှာစိုးလို့ရော ၊အဖမ်းခံရမှာစိုးလို့ရောပဲ။ အခုအုပ်ကြီးရုံးကို ပစ်သွားတာ လူထိတယ်လို့တော့ မကြားမိဘူး”ဟု ပြည်ကြီးမျက်ရှင် ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ပြည်ကြီးမျက်ရှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် ပြည်သူများကို စစ်ကောင်စီအလိုကျ ပစ်မှတ်ထား အုပ်ချုပ်နေသဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အောင်စည်တော်စစ်ဆင်ရေးက ဆိုသည်။
“ကျနော်တို့ရပ်ကွက်ရုံးက အနားပြာတွေပေါ့။ စစ်ခွေးတွေလာရင် ပြာနေရော။ အပွင့်တွေကိုဆို သိပ်ရိုကျိုးတယ်။ ဟိုကခိုင်းရင် အရမ်းဖင်ပေါ့တဲ့အစားထဲက။ မဲစာရင်းတုန်းကလည်း တက်တက်ကြွကြွပဲ” ဟု ပြည်ကြီးမျက်ရှင်ရပ်ကွက်သားကဆိုသည်။
ယခုလိုတိုက်ခိုက်မှုသည် လူသေဆုံးထိခိုက်မှုမရှိသည့်တိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များကို ပြည်သူအပေါ် မဖိနှိပ်ရဲအောင် သတိပေးလိုက်ရာရောက်သဖြင့် ဒေသခံများအတွက် အကျိုးရှိ ကြောင်း ၎င်းကဆိုသည်။
“မန္တလေးက ဗုံးမှန်ထားတဲ့အုပ်ကြီးရုံးတွေက အပိုးကျိုးသွားတာအမှန်ပဲ။ ဗုံးမှန်ပြီး လူသေလို့က ကြောက်လိုက်ကြတာပြာနေရော”ဟု ၎င်းကဆက်လက်ပြောသည်။
အောင်စည်တော် စစ်ဆင်ရေး ရဲဘော်များမှာ ပြည်ကြီးမျက်ရှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်အပြီး အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။ အောင်စည်တော်အနေနှင့် စစ်ဆင်ရေးများကို အရှိန်မြှင့်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။