လူ ၃ ဦး တွင် တစ်ဦးခန့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသော မြန်မာပြည်သူများအတွက် ကန်ဒေါ်လာသန်း ၅၀ အသစ်ထပ်မံ ထောက်ပံ့မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ယနေ့တွင် ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုးမြင့်လာသည့် နေရပ်စွန့်ခွာရမှု၊ လက်နက်ကိုင် ပဋိပက္ခများနှင့် စားနပ်ရိက္ခာ ပိုမိုရှားပါးလာမှုများအရ လူသားချင်းဆိုင်ရာအကူအညီအဖြစ် အရေးပေါ် စားနပ်ရိက္ခာနှင့် အဟာရ အထောက်အပံ့များအတွက် အမေရိကန်ပြည်ထောင်စုသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အသစ်ထပ်မံထောက်ပံ့သွားမည်ဟု ဆိုသည်။
ယခုထောက်ပံ့မှုဖြင့် USAID သည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့်အတူ ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော ပြည်နယ်များက လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အာဟာရ ချို့တဲ့မှု ကုစားရန်နှင့် ကာကွယ်ရန် ကူညီနိုင်မည် ဖြစ်ကြောင်း ယခုထောက်ပံ့မှုတွင် လစဉ် စားနပ်ရိက္ခာ ခွဲတမ်းများ ပေးအပ်ခြင်းနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ် စားသုံးကုန်များပေးအပ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ကမ္ဘာ့ကုလသမဂ္ဂက လတ်တလောထုတ်ပြန်ခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များအပေါ် ခြုံငုံသုံးသပ်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁၇ သန်းကျော် သည် ယခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ လိုအပ်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ယင်းသို့လိုအပ်ခဲ့သော လူဦးရေမှာ တစ်သန်းပင် မပြည့်ဟု ထုတ်ပြန်ထားသည်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးကမူ အမေရိကန်၏ ထောက်ပို့မှုကို ကြိုဆိုသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ပံ့မှုများသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ အိုးမဲ့အိမ်မဲ့ နှင့်စစ်ရှောင်ပြည်သူများထံ ယနေ့ထိတိုင် မရောက်ရှိသေးကြောင်း ဆိုသည်။
“စစ်ကိုင်းနဲ့မကွေးမှာ စစ်တပ်မီးရှို့လို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေဟာ မနက်ဖြန် ဘာနဲ့စားမလဲ ဆိုတာကိုတောင် ပူပန်နေရတဲ့အပြင် စစ်ကြောင်းထိုးလို့ တောက်လျှောက်ဆိုသလို ပြေးနေရတဲ့ ပြည်သူတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နည်းလမ်းရှာ ကူညီဖို့ကောင်းပြီ”ဟု ၎င်းကပြောသည်။
အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် မြန်မာနိုင်ငံတစ်ဝန်းက အကူအညီလိုအပ်နေသော ပြည်သူများအတွက် အရေးပေါ် အသက်ကယ်ဆယ်ရေး အထောက်အပံ့များ ပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မြန်မာပြည်သူများအတွက် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီ အနာဂတ်ဆီသို့ ငြိမ်းချမ်းစွာ ရှေးရှုဆောင်ရွက်နေကြသူများကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း ထုတ်ပြန်ထားသည်။