ရန်ကုန်မြို့၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် အောင်မင်္ဂလာအဝေးပြေးဝန်းတွင် စစ်ကောင်စီက ဆိုင်ကယ်ဖမ်းဆီးကာ ငွေရှာနေကြောင်း ဒေသခံတချို့ထံက သိရသည်။
အထက်ပါ ဖမ်းဆီးမှုကို စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် မော်တော်ပီကယ်များ ပူးပေါင်းကာ လေးရက်ဆက်တိုက်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် နေသူတစ်ဦးက ပြောသည်။
“ အခု လှိုင်သာယာကနေ ပေါက်တောဝအထွက်မှာ အရမ်းဖမ်းတယ်။ တစ်ထိပ်၊ စက်မှုဇုန်နဲ့ သုံးထိပ်မှာဆို ခွေးတွေရော ဘဲဥတွေရော ပုန်းစောင့်နေကြတာ။ BOCမှာ မနေ့ကဆို ညနေ ၆နာရီအထိ ဖမ်းနေတာ။ ရွှေပြည်သာတံတားအဆင်းတစ်လျှောက်ကတော့ တော်တော်ဖမ်းတာ။ အခုက အရင်လိုညှိမရဘူး။ မိတာနဲ့သိမ်းပဲ” ဟု လှိုင်သာယာမြို့ နေပြည်သူတစ်ဦးက ပြောသည်။
အောင်မင်္ဂလာအဝေးပြေးဝန်းတွင် ယာဉ်ထိန်းရဲများက ၎င်းတို့၏ဒလန်အသွင်ယူများကို ဆိုင်ကယ်စီးခွင့်ပြုကာ မဖမ်းသယောင်ပြကြောင်း ထို့နောက် လမ်းကြောင်းရှင်းသည်အထင်နှင့် မောင်းနှင်လာသည့် ဆိုင်ကယ်စီးနင်းသူများအား နှစ်ဖက်ပိတ်ကာ ဖမ်းဆီးနေကြောင်း အောင်မင်္ဂလာအဝေးပြေးဝန်းသို့ သွားရောက်ခဲ့သူတစ်ဦးကပြောသည်။
“ အခု အောင်မင်္ဂလာအဝေးပြေးက နာမည်အကြီးဆုံးပဲ။အသွင်ယူတွေက ရဲတွေမဟုတ်ဘူး။ အဲ့က ကယ်ရီသမားတွေက ဖမ်းနေလည်း မပြောဘူး။ ပေါင်းစားတဲ့သဘောပေါ့။ သူတို့က လိုင်းကြေးပေးလို့လားမသိဘူး စီးလို့ရတယ်။ သူတို့စီးနေတာမြင်လို့ မဖမ်းဘူး မထင်နဲ့ ၊ ဟိုဘက် ဒီဘက်ကို ညှပ်ဖမ်းတာ။ ဖမ်းတာတော့ မော်တော်ပီကယ်ချည်းပဲ။ တစ်စီးကို သုံးသောင်းတောင်းတယ်။ ထွက်ပြေးလို့လွတ်တဲ့ လူတွေလည်းရှိတယ်။ ဘာမှတော့မလုပ်ပါဘူး။ လက်ပဲကာပြတယ်။ အောင်မင်္ဂလာ အဝေးပြေး ဂိတ်အကျော်လေးမှာ ဖမ်းနေတာလေးရက်ရှိပြီ” ဟု အောင်မင်္ဂလာအဝေးပြေးသို့ ယနေ့သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်တပ်နှင့် ယာဉ်ထိန်းရဲတို့သည် တောင်ဥက္ကလာပမြို့နယ်၊ကေတု မာလာကွေ့တွင် လည်းဆိုင်ကယ်များဖမ်းဆီးလျက်ရှိသည်။