ရန်ကုန်တွင် MPT အင်တာနက်လိုင်းနှင့် Call center များ ၉နာရီကျော်ကြာသည့်တိုင် လိုင်းပြတ်တောက်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့နေပြည်သူအချို့က ပြောသည်။
ယနေ့ (ဇန်နဝါရီလ ၇ရက်နေ့)နံနက် ၁၀ နာရီ ၂၃ မိနစ်ခန့်က ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ MPT Exchange ရုံးတွင် မိနစ် ၂၀ကြာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လိုင်းများပြတ်တောက်နေခြင်းဖြစ်သည်ဟု ရန်ကုန်မြို့၊ လှိုင်မြို့နယ် နေသူတစ်ဦးကပြောသည်။
“ မနက် ၁ဝ နာရီခွဲ လောက်မှာ လိုင်းသုံးမရတော့တာ။ ဖုန်းကတော့ ခေါ်လို့ရသေးတယ်။ တန်းတော့မဝင်ဘူး နည်းနည်းကြာတာပေါ့” ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ရှိ ဟိုတယ် ဝန်ထမ်းတစ်ဦးကလည်း MPT Wifi လိုင်းများ လုံးဝသုံးမရဖြစ်နေပြီး ယခုအချိန်ထိ မရသေးကြောင်း ယနေ့ညနေ ၆ နာရီ ၁၅ မိနစ်တွင် ပြောသည်။
“ ဟိုတယ်မှာက MPT က ထုတ်တဲ့ Wifiတပ်ထားတာ။ မနက်က VPN တွေ ပြုတ်ကျကုန်တယ်။ ဘယ်လိုမှ လိုင်းမရတော့လို့ Call Center ကို ဆက်သွယ်တော့လည်းမရဘူး။ ဘယ်ဖုန်းမှ ဆက်မရဘူး။ မနက်ကတည်းက ဖြစ်နေတာ အခုထိပဲ “ ဟု ၎င်းကပြောသည်။
လက်ရှိတွင် MPT က ၀န်ဆောင်မှုပေးလျက်ရှိသော MPT Call Center, ဖိုင်ဘာအင်တာနက်များ၊ မိုဘိုင်းလ် အင်တာနက်များ၊ မိုဘိုင်းလ်နှင့် တယ်လီဖုန်းဆက်သွယ်ရေးများမှာ လတ်တလော အခက်အခဲများရှိနေသဖြင့် အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်သွယ်ရေးကွန်ရက်အခြေအနေများနှင့်ပတ်သက်ပြီး အပြောင်းအလဲရှိပါက အကြောင်းကြားပေး သွားမည်ဖြစ်ကြောင်း MPTက ထုတ်ပြန်ထားသည်။