နှစ်နိုင်ငံအလံနောက်ခံထားကာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက NUG နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံဆွေးနွေးခြင်းသည် စစ်ကောင်စီကို အထိနာစေသော သံတမန်ရေး ထိုးနှက်ချက် ဖြစ် ကြောင်း နိုင်ငံရေးသုံးသပ်သူ တစ်ဦးကပြောသည်။
ဖေဖေါ်ဝါရီ၆ရက်နေ့တွင် လန်ဒန်မြို့ရှိ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleveryက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား လူသိရှင်ကြား လက်ခံတွေ့ဆုံခဲ့သည့်အပေါ် ၎င်းက အထက်ပါအတိုင်း ပြောသည်။
“နှစ်နိုင်ငံအလံ နောက်ခံထားပြီးတွေ့တယ်ဆိုတာ ဗြိတိန်က အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း တရားဝင် ထုတ်ဖော်ပြောကြားလိုက်တာပဲ။ အရင်တုန်းက ဘယ်နိုင်ငံကမှ နိုင်ငံခြားရေးဝန်ကြီးအဆင့် လက်ခံတွေ့ဆုံတာမျိုးမရှိခဲ့ဘူး။ သံတမန်ရေးအရ မင်းအောင်လှိုင်ကို အရှက်ခွဲပစ်လိုက်တာ”ဟု ၎င်းကပြောသည်။
တွေ့ဆုံဆွေးနွေးမှုတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများရပ်တန့်အောင် ဆောင်ရွက်နိုင်ရေး၊လူနည်းစု လုမျိုးများအရေးနှင့် အခြားသောအကြောင်းအရာများကို ဆွေးနွေးခဲ့ ကြောင်း NUGနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
“သံတမန်ရေးအရ NUGရဲ့ခြေလှမ်းကို နောက်တစ်ဆင့်မြှင့်တင်လိုက်နိုင်တာပဲ။ဒါပေမဲ့၊ဗြိတိန်ရဲ့စစ်အုပ်စုကိုဒဏ်ခတ်ပိတ်ဆို့တာတွေဟာ အခုချိန်ထိ ဘာမှမထိရောက်သေးတာတွေ့ရတယ်။ပြီးတော့ လူသားချင်းစာနာမှုအကူအညီပေးရေး နဲ့ပတ်သက်ပြီးလည်း လုံးဝအကူအညီမရသေးဘူး”ဟု ၎င်းကဆိုသည်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် လေဘာပါတီအမတ်နှင့် All Party Parliamentary Group on Burma အဖွဲ့ဥက္ကဋ္ဌ လည်းဖြစ်သူ Rushanara Ali နှင့် ဖေဖေါ်ဝါရီ၆ရက်နေ့ ကတွေ့ဆုံကာ လူသားချင်းစာနာမှု အကူအညီပေးရေး၊ မြန်မာ့နွေဦးတော်လှန်ရေးကို ဗြိတိန်ပါလီမန်ကပိုမိုတို့းမြှင့်ထောက်ခံရေး၊ ဒုက္ခသည်များအရေး ၊ လူနည်းစုအခွင့်အရေး အကာအကွယ်ပေးရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်းလည်း NUG နိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ပြန်ထားသည်။