မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ် အခြေအနေကို အမေရိကန်ပြည်ထောင်စုက နောက်ထပ်တစ်နှစ် သက်တမ်းတိုးလိုက်ကြောင်း အိမ်ဖြူတော်က ကြေညာလိုက်သည်။
၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေကို ဖေဖေါ်ဝါရီ ၆ ရက် တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီး အစိုးရခေါင်း ဆောင်များအပါအဝင် နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ၊ သတင်းသမား စသည့် များစွာသော ပြည်သူတို့ကို တရားမဲ့ဖမ်းဆီးခဲ့ကာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးစေခဲ့ကြောင်း အိမ်ဖြူတော်ကြေညာချက်၌ ဖော်ပြထား သည်။
“ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာ့အရေးအလေးထားမှုကို ဖော်ပြလိုက်တာပါ။ ဒါပေမဲ့ အခုအချိန်ထိ အမေရိကန်ရဲ့ဖိအားတွေဟာ မင်းအောင်လှိုင်အတွက် ဖြုံစရာအဆင့်ထိ ရောက်မလာသေးတာလည်း သေချာနေပါတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းမှု ၂နှစ်ပြည့်သည့်အချိန်တွင် စစ်ကောင်စီက အရေးပေါ်အခြေအနေအဖြစ် နောက်ထပ် ၆လ သက်တမ်းတိုးလိုက်ခြင်းမှာ အာဆီယံမူ၅ရပ်ကို ငြင်းပယ်လိုက်ခြင်းဖြစ်သလို အမေရိကန်အပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းကို စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်ကြောင်း ၎င်းကပြောသည်။