ရန်ကုန်တွင် CNGဂက်စ် တန်းစီချိန် ကြာမြင့်သဖြင့် YBSယာဉ်များ ညအိပ် တန်းစီစောင့်ဆိုင်းနေရကြောင်း YBS ယာဉ်မောင်းများက ပြောသည်။
ဂက်စ် တန်းစီစောင့်ဆိုင်းနေရခြင်းမှာ ဂက်စ် အလုံအလောက် မရရှိခြင်းကြောင့်ဖြစ်ပြီး ပြီးခဲ့သည် ၂၀၂၂ခုနှစ် နိုဝင်ဘာလ အစပိုင်းမှ စတင်ကာ ယခုအထိ ဖြစ်ကြောင်း YBS ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ အခုက ဂက်စ်တွေက တန်းစီရတာ ညအိပ်တန်းစီရတယ်။ မနက်ဆို ၃နာရီခွဲလောက်ထမှ တော်ရာကျတာ။ ဒါမှ ဂက်စ်ရတာ။ မနက် ၉လောက်စီလို့ကတော့ ၃နာရီအနည်းဆုံးစောင့်ပဲ။ အဲ့တော့ ကားရှားတာတွေ ခရီးသည်က ဖြစ်သလို ကျွန်တော်တို့လည်း ငတ်ရော” ဟု YBS ၆၁ယာဉ်မောင်းတစ်ဦးက ပြောသည်။
ဂက်စ်တန်းစီရာတွင်လည်း YBS ယာဉ်မောင်းအချို့၏ ဖုန်းများ၊ ကားဘက်ထရီများ အခိုးခံရမှုများ ရှိသဖြင့် ကောင်းစွာ မအိပ်ရကြောင်း သိရသည်။
“ ခေတ်က မကောင်းဘူးလေ။ သူခိုးကလည်း အလစ်ကို ဖုန်းတက်ခိုးတယ်။ နောက်ဆုံးအမှိုက်ပုံးက အစခိုးတယ်။ ကားဘက်ထရီကို သော့ခတ်ထားတဲ့ကြားက ရအောင်ခိုးတယ်။ ဒီလိုခိုးရင် အိပ်ချင်မူးတူးနဲ့ ဆင်းမကြည့်နဲ့ ဓားက ဗိုက်ထဲရောက်မှာ။ အသံကြားတာနဲ့ နိုးမှ အသံပေးနိုင်မှ တနေကုန်ပင်ပန်းရတဲ့အထဲ ညပါကောင်းကောင်းမအိပ်ရဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ဂက်စ်လုံလောက်မှုရှိအောင်နှင့် တန်းစီရချိန်လျော့နည်းအောင် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ပေးစေလိုကြောင်း YBSယာဉ်မောင်းအချို့ကပြောသည်။