1 Feb 2023 By MPA 014
ရန်ကုန်ရှိ စျေးဆိုင်အချို့ စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ်သပိတ်တွင် ပါဝင်နိုင်ရန်အတွက် စျေးလျော့ရောင်းချခြင်းနှင့် အပိုပေးခြင်းတို့ ပြုလုပ်နေကြောင်း MPA မှ စုံစမ်းသိရသည်။
” ဒီနေ့ကတော့ အလှူပေးနေသလိုပဲ ရောင်းနေတာ။ ကိုးနာရီခွဲမတိုင်ခင်အထိပဲ ရောင်းမယ်။ စစ်အာဏာရှင်စနစ်ကို ဘယ်လိုမှကို လက်မခံနိုင်ပါဘူး” ဟု ဒဂုံမြောက်ပိုင်းတွင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ရောင်းချနေသည့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
အသံတိတ်သပိတ်ပြုလုပ်ရန် သတ်မှတ်ထားသည့် အချိန်တွင် ရောင်းချနေသည့် ကုန်ပစ္စည်းများကို သိမ်းဆည်းကာ ဆိုင်ပိတ်အိမ်ပြန်မည်ဟု စျေးသည်တချို့က ပြောဆိုနေကြသည်။ ထို့ပြင် ဟင်းသီးဟင်းရွက် ရောင်းချသည့် စျေးသည်များမှာလည်း ၅၀၊ ၁၀၀ လျော့ကာ ရောင်းချပေးနေကြောင်း ဆိုသည်။
” ကန်စွန်းရွက်တစ်စည်းကို ၂၅၀ နဲ့ ရောင်းပေးနေတာ။ ဒီနေ့သီးသန့်ကိုပေါ့။ ပုံမှန်စျေးက ၃၅၀။ အမြန်ရောင်းနေတာ။ ရောင်းကုန်ကုန်မကုန်ကုန် ၁၀ နာရီ မထိုးခင်သိမ်းမှာ” ဟု ဒဂုံအရှေ့ တွင် ကုန်စိမ်းရောင်းချသူတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိ အချိန်တွင် Silent Strike ပြုလုပ်ရန် Facebook တွင် လှုံ့ဆော်သူနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း စစ်ကောင်စီအားပေး Telegram Channel များတွင် ရေးသားဖော်ပြမှုများရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံတော်အာဏာကို အဓမ္မသိမ်းပိုက်ခဲ့ပြီးနောက် နိုင်ငံအနှံ့အပြားတွင် စစ်အာဏာရှင်ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်က ပြည်သူ ၂၉၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု အမေရိကန်သံရုံး (ရန်ကုန်) ၏ အချက်အလက်တချို့အရ သိရသည်။