အမေရိကန်၊ ဗြိတိန်၊ ကနေဒါ နှင့် သြစတြေးလျ နိုင်ငံတို့က စစ်အာဏာသိမ်းမှု ၂ နှစ် ပြည့်တော့မည့် ဇန်နဝါရီ ၃၁ ရက်တွင် စစ်ကောင်စီကို ထပ်မံပိတ်ဆို့ အရေးယူ လိုက်သည်။
ထပ်မံ ဒဏ်ခတ်ပိတ်ဆို့မှုများထဲတွင် ထူးခြားချက်အဖြစ် စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၊စွမ်းအင်ဆိုင်ရာ MOGE တာဝန်ရှိသူများနှင့် လေယာဉ်ဆီ တင်သွင်းသည့် ကုမ္ပဏီများ ပါဝင်လာခဲ့ကြောင်း တွေ့ရသည်။
စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ သတ္တုတွင်းလုပ်ငန်း၊ စွမ်းအင်ဆိုင်ရာ တာဝန်ရှိသူများ ၊ လက်ရှိ စစ်ဘက် တာဝန်ရှိသူများနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်ဟောင်းတို့ကို အရေးယူဒဏ်ခတ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“ရွေးကောက်ပွဲ ကော်မရှင်ကို ဒဏ်ခတ်တာက အမေရိကန်အနေနဲ့ စစ်အုပ်စုရွေးကောက်ပွဲကို အသိအမှတ်မပြု လက်မခံဘူးဆိုတာကို လက်တွေ့ သက်သေပြလိုက်တာပေါ့။ ပြီးတော့ မြန်မာMOGE နဲ့ ပတ်သက်ပြီး အကြီးပိုင်းတွေက ဒဏ်ခတ်တာက ကနဦးခြေလှမ်းလို့ ယူဆပါတယ်။ နောက်ထပ် စစ်အုပ်စုရဲ့ အဓိကဝင်ငွေလမ်းကြောင်း ဖြစ်နေတဲ့ MOGE ကို ထိထိရောက်ရောက် ပိတ်ဆို့မယ်လို့ မျှော်လင့်ရပါတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။
ထို့ပြင် ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့ကလည်း လေယာဉ်ဆီ တင်သွင်းမှု ပိတ်ပင်ခြင်းကို စတင်လိုက်ပြီ ဖြစ်သည်။
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေသည့် အာရှနေ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် နှင့် ကုန်စည်များ ချိတ်ဆက်ရေး ကုမ္ပဏီလီမိတက်တို့ကို ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ယူကေအစိုးရက ထုတ်ပြန်လိုက်သည်။
“ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကျိုးသက်ရောက်မှု များနိုင်သမျှ များအောင် စေ့စေ့စပ်စပ် တွက်ချက်ထားပါတယ်။ ဒီလိုပိတ်ဆို့ အရေးယူခြင်းအားဖြင့် မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာငွေအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လောင်စာဆီ အရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လက်နက်နှင့်ကိရိယာ အရင်းအမြစ် လက်လှမ်းရရှိနိုင်မှုတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်”ဟု ယူကေနိုင်ငံခြားရေးဝန်ကြီး James Cleverly က ပြောသည်။
အတိုက်အခံအင်အားစုတို့၏ အသံများကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့ခြင်း၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကာ အကြမ်းဖက်ခြင်း နှင့် လူ့အခွင့်အရေးကို ရှက်ရွံ့မှုမရှိ၊ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ခြင်းများအတွက် စစ်ကောင်စီက မဖြစ်မနေ တာဝန်ခံရမှာ ဖြစ်ကြောင်းလည်း ယူကေနိုင်ငံခြားရေးဝန်ကြီး က ပြောသည်။
သြစတြေးလျနိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုထဲတွင် မင်းအောင်လှိုင် အပါအဝင် စစ်တပ်နှင့်ဆက်နွှယ်နေသူ ၁၆ ဦး အပြင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တို့ပါဝင်သည်။